Friday, October 30, 2020

ရခိုင်တွင် တရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ၉ ဦး ဒဏ်ရာရ

 ရခိုင်တွင် တရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ၉ ဦး ဒဏ်ရာရ

မင်းပြားမြို့နယ် စက္ကရေကျေးရွာမှ မသန်းသန်းစိုးအား စစ်တွေ ဆေးရုံသို့ယူလာစဉ် / Than Tun

18.6k

By ခိုင်ရိုးလ 30 October 2020

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်းစားလှယ်များထံမှ သိရသည်။


ဒဏ်ရာရှိသူတို့မှာ မင်းပြားမြို့နယ် စက္ကရေကျေးရွာ မှ ၃ ဦး၊ သက်ပုန်းကျေးရွာမှ ၁ ဦးနှင့် ပေါက်တောမြို့နယ် ရှင်ကျော်ကျေးရွာမှ ၅ ဦး တို့ဖြစ်ကြပြီး တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရှိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ယမန် နေ့နံနက် ၈ နာရှိကျော်က ပေါက်တောဘက်မှ မင်းပြားမြို့သို့ ခေါင်းလောင်းမြစ်အတိုင်း သွားလာနေသည့် တပ်မတော် ရေယာဉ် သုံးစီးမှာ မင်းပြားမြို့နယ် စက္ကရေကျေးရွာအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် လှမ်းပစ်မှုကြောင့် ၃ ဦးဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။


ဒဏ်ရာရသူ မသန်းသန်းစိုး၏ ဖခင် ဦးကျော်ဆန်းက “ကျနော့အိမ်က မြစ်ကမ်းနားမှာဆိုတော့ မြစ်ကြောင်း အတိုင်းလာတဲ့ နေဗီက လှမ်းပစ်လို့ အိမ်ပေါ်မှာနေတဲ့ ကျနော့် သမီးတင်ပါးမှာ ကျည်ဖောက်ဝင်သွားတာ။ အခုကတော့ သူ့ကို စစ်တွေဆေးရုံမှာ ခွဲစိပ်ခန်းထဲ သွင်းထားတယ်။ တခြား နေအိမ်မှာတွေမှာလည်း ကျည်ကျလို့ ဒဏ်ရာရသူ ၂ ယောက်ရှိတယ်” ဟုပြောသည်။


ယင်းဖြစ်စဉ်ကြောင့် စက္ကရေကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မသန်းသန်းစိုးအပါဝင် အသက် ၁၃ နှစ်အရွယ် မဌေးဌေးဝေတွင် ညာလက်မပြတ်ဒဏ်ရာနှင့် အသက် ၆၀ နှစ်အရွယ် ဦးအောင်ကျော်နု ညာဘက်ပခုံးတို့တွင် ဒဏ်ရာ အသီးသီးရရှိခဲ့ခြင်း ဖြစ်သည်။


ယင်းအထဲမှ ဒဏ်ရာနည်းသူ ၂ ဦးကို ပေါက်တောဆေးရုံတွင် ဆေးကုနေပြီး ဒဏ်ရာပြင်းထန်သည့် မသန်းသန်းစိုးကို ပေါက်တောမှ စစ်ဆေးရုံသို့ ယူဆောင်ကာ ဆေးကုမှုခံယူနေရခြင်းဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။


အလားတူ မင်းပြားမြို့နယ် သက်ပုန်းကျေးရွာတွင်လည်း ယမန်နေ့ ၁၁ နာရီခန့်တွင် တပ်မတော်ရေယာဉ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တလုံးမှာ ဦးနားပေါက်ကေ နေအိမ်ပေါ်သို့ ကျရောက်မှုကြောင့် နေအိမ်ရှေ့ကားအောက်တွင် ဝပ်နေသည့် အသက် ၄၂ နှစ်အရွယ် ကိုမျိုးမင်းဇော်မှာ ဦးခေါင်းနားထင်တွင် ကျည်စဝင်သွားကြောင်း ကျေးရွာတာဝန်ရှိသူကပြောသည်။


သက်ပုန်း အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ဦးက “သူ့ကို မင်းပြားဆေးရုံမှာ ဆေးကုသနေရတယ်။ ကျည်စ ဦးခေါင်းထဲမှာ ရှိနေတယ်လို့ ပြောတယ်။ ဖြစ်စဉ်ကို ကြောက်လန့်ပြီးတော့ ရွာသားတွေက ဘေးလွှတ်ရာ တခြားကျေးရွာ တွေကို ထွက်ပြေးနေကြတယ်” ဟု ပြောသည်။


ထို့အပြင် ပေါက်တော်မြို့နယ် ကျော်ရှင် ကျေးရွာတွင်လည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တပ်မတော်ရေယာဉ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။


ရပ်မိရပ်ဖဖြစ်သူ ဦးအောင်စံဝင်းက “မင်းပြားဘက်ကနေ ပေါက်တောဘက်သို့ ဆင်းလာတဲ့ နေဗီက ပေါက်တော်မြစ်နဲ့ သမန့်ချေမြစ်ခွဆုံရောက်မှာ ကျနော့်ရွာဘက်ကို လှမ်းပစ်တာ။ လက်နက်ကြီး ၂ ချက်ပစ်တဲ့အထဲက တလုံးက ဦးအောင်ချေအိမ်မှာ ကျရောက်ပေါက်ကွဲပြီးတော့ လက်နက်ကြီးကျည်စတွေ လွင့်စဉ်ကျတာ။ အဲဒီမှာ နေအိမ်မှာ ထိုင်နေကြတဲ့ လူတွေ ဒဏ်ရာရသွားကြတာပါ” ဟုပြောသည်။


ယင်းသို့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အသက် ၅၃ နှစ်အရွယ် ဦးအောင်သာမောင်တွင် လည်ပင်း ဦးခေါင်း၊ လက်မောင်း၊ အသက် ၅၈ နှစ် အရွယ် ဒေါ်မထွန်းစိန်တွင် လက်မောင်းကျိုးပဲ့၊ အသက် ၂၇ နှစ် အရွယ် မသန်းနုခင်တွင် ပေါင်ရင်း၊ ဝမ်းဗိုက်၊ အသက် ၂၅ နှစ်အရွယ် မသန်းနုဝင်းမှာ ဘယ်ဘက်လက်မောင်းနှင့် အသက် ၆ နှစ်အရွယ် မမြဝင်းတွင် ဘယ်ဘက်ခြေရင်းတို့တွင် ထိမှန်သွား ကြခြင်းဖြစ်သည်။


၎င်းတို့အား ယမန်နေ့က စက်လှေဖြင့်သယ်ယူက ပေါက်တောဆေးရုံတွင် ဆေးကုသမှုခံယူနေရကြပြီး ပေါက်တောမြို့နယ်မှာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိသေးသည့် ဒေသဖြစ်သည့် အတွက် ယခုဖြစ်စဉ်အား ပြည်သူများ ကြောက်လန့်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။


ယင်းသို့ တပ်မတော်ရေယာဉ်ပေါ်က ကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။


ယင်းအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖေ့ဘွတ် ပေ့ချ်နှင့် ဝတ်ဆိုက်တို့လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။


ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက “ကျနော်တို့မှာ စစ်ရေးပဋိပက္ခဖြစ်လာရင် အရပ်သားတွေပဲ ဒုက္ခ ခံစားကြရတာဖြစ်တယ်။ ပြည်သူတွေဟာ ဒီနိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဖြစ်နေတဲ့ ပြဿနာတွေမှာ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ညှိနှိုင်းအဖြေရှာဖို့ လိုအပ်တယ်။ ဒီလိုထပ်ပြီး ဖြစ်နေကြရင် အရပ်သားတွေပဲ နစ်နာတဲ့အတွက်ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို စားပွဲဝိုင်းမှာ အမြန်ဆုံး ဆွေးနွေးကြစေချင်တယ် ” ဟု ပြောသည်။


ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် စစ်ဘေးဒုက္ခသည် ၂ သိန်း ၂ သောင်းကျော်အထိရှိလာနေပြီး စစ်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာလည်း တနေ့တခြားတိုးလာနေသည်။


တပ်မတော်က Covid- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ဟုဆိုကာ ယနေ့ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ်ကို ချန်လှပ်ခဲ့ပြသည်။


ထိုကြေညာချက်ထဲတွင် “နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ပါရှိသည်။

https://burma.irrawaddy.com/news/2020/10/30/232554.html

No comments:

Post a Comment