Saturday, October 3, 2020

မင်းပြားနဲ့ ရသေ့တောင် တိုက်ပွဲပြင်းထန်

 ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ တပ်ဖွဲ့ဝင် ပြောခွင့်ရတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် အောင်သာစည်နဲ့ ထီးစွဲရွာအကြားမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီကနေ့မနက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အောင်သာစည်ရွာသား ခိုင်သန်းမောင်က ပြောပါတယ်။

“ထီးစွဲနဲ့ အောင်သာစည်ကြားမှာ ဖြစ်တာပေါ့။ မနေ့တနေ့လုံး၊ ညတညလုံး တိုက်ပွဲက။ အခုထက်ထိ ဖြစ်တုန်းပဲ။ မနေ့က ရဟတ်ယာဉ်နဲ့ ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မိနစ် ၂၀ လောက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ရော့ကက်တွေနဲ့ ပစ်တယ်၊ စက်သေနတ်တွေနဲ့ ပစ်သွားတယ်။ အောင်သာစည်တောင်တန်းပေါ့။”မနေ့မနက် ၉ နာရီကနေ ညလုံးပေါက် ပစ်ခတ်မှုဖြစ်ပွားပြီး ဒီကနေ့မနက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ညကလည်း တညလုံး တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက် ၈ နာရီမှာမှ အပြန်အလှန်ပစ်တာ ရပ်သွားတယ်။ လက်နက်ကြီးတော့ ပုံမှန်ပစ်နေတာပဲ။ ရသေ့တောင် ရေစိုးချောင်းတပ်နယ်တွေက ပစ်တာ။”

အောင်သာစည်ကျေးရွာအနီး တောင်တန်းပေါ်မှာ အခြေပြုနေတဲ့ AA အဖွဲ့ကို မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတာ ၄ လနီးပါး ကြာမြင့်ခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂ဝ ကျော်က သောင်းနဲ့ချီတဲ့ ရွာသားတွေ ရသေ့တောင်မြို့ပေါ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အလားတူ မင်းပြားမြို့နယ် တိုင်းဗဟို ၉ တပ်မတော်လေ့ကျင့်ရေးတပ်အနီး မေလွမ်းရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေဆဲလို့ မေလွမ်းရွာခံတဦးက ပြောပါတယ်။

“တိုင်းဗဟိုအမှတ် ၉ အနီးမှာလေ။ မေလွမ်းရွာနဲ့ မလှမ်းမကမ်းပေါ့ တိုက်ပွဲက။ အစိုးရစစ်တပ်ဘက်က လေယာဉ်ပျံနှစ်စီးနဲ့ ချတာ။ သူတို့ဘက်က အကျအဆုံး များနေတယ်။”

မေလွမ်းရွာဘက်မှာ မနေ့ကအထိဆို မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“မနေ့က အောက်တိုဘာလ ၃ ရက်နေ့မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်ထဲက နေရာနှစ်ခုမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ ရသေ့တောင်ဘက်မှာတော့ ကျောက်တန်းနဲ့ အောင်သာစည်ရွာတဝိုက်ကို အောက်တိုဘာလ ၃ ရက် မနက် ၇ နာရီလောက်ကစပြီးတော့မှ သူတို့ လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်ပြီးတော့ ထိုးစစ်ဆင်လာတာ ရှိတယ်။ ဆိုတော့ နေ့လယ် ၁၂ နာရီ ၄၆ မိနစ်လောက်မှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာပြီးတော့ မိနစ် ၂၀ လောက် လာပစ်တာရှိတယ်။

“သူတို့ဘက်က အထိခိုက်အကျဆုံးတွေ များတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး လာရောက်ပစ်ခတ်တာ ဖြစ်တယ်ဗျ။ အောက်တိုဘာလ ၃ ရက်နေ့မှာ မင်းပြားမြို့နယ် မေလွမ်းရွာရဲ့ အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေကို မြန်မာစစ်တပ်ဘက်က အင်အား ၁၅၀ လောက်နဲ့ လာပြီးတော့မှ နှစ်ဖက်ညှပ်ပြီးတော့ ထိုးစစ်ဆင်လာတာရှိတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်တာရှိတယ်။ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှု များတဲ့အတွက်ကြောင့်မို့လို့ ညနေ ၅ နာရီနဲ့ ၅ မိနစ်မှာ ရဟတ်ယဉ်နှစ်စီးနဲ့ လာပြီးတော့ ၁၅ မိနစ်လောက် လာပစ်တာရှိတယ်။”ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြောပါတယ်။

“အဲဒီ ထီးစွဲကျေးရွာ အနားလေးတဝိုက်ကပဲ AA အနေနဲ့က ထီးစွဲကျေးရွာ အရှေ့ဘက်တောင်မှာရှိတဲ့ နွားခြံကုန်း အဲဒီနေရာတွေက ရွာကို အကာကွယ်ယူပြီးတော့ စစ်ရေယာဉ်တွေကို ပစ်ခတ်လာတယ်။ ရသေ့တောင် ဘူးသီးတောင်ဘက်တက်တဲ့လမ်းကို ဆက်သွယ်မှု ဖြတ်တောက်ထားတာ ရှိတယ်။ အဲဒီနေရာနားမှာရှိတဲ့ ၃ နေရာမှာ ကျနော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ဒီနေ့မနက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ တိုက်ပွဲမှာတော့ ကျနော်တို့ဆီက အရာရှိ စစ်သည်တချို့ ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ AA ဘက်ကတော့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရခဲ့တာရှိတယ်။ မင်းပြားဘက်မှာတော့ ကမ်းနီနားလေး တဝိုက်မှာပဲ လမ်းကြောင်းလုံခြုံရေး စောင့်နေတဲ့ တပ်တွေကို နှောင့်ယှက်ပစ်ခတ်တာ၊ တပ်ဖွဲ့ဝင်တွေနဲ့ AA နဲ့ ဒီတပတ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ၅ ကြိမ် ၆ ကြိမ်လောက်ရှိပြီ။”

တပ်မတော်က တဖက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်မှာ ကြေညာခဲ့ပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ နယ်မြေတွေ မပါဝင်ကြောင်း ပြောဆိုထားတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာပါ။

ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါး စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သားနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။


https://burmese.voanews.com/a/fighting-myanmar-army-aa-in-rakhine/5608243.html

No comments:

Post a Comment