ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့တွင် စက်သုံးဆီပြတ်လပ်သွားသောကြောင့် ယနေ့မှစကာ လျှပ်စစ် မီးပြတ်တောက်မည်ဖြစ်ကြောင်း ဒေသခံများက The Ladies News သို့ပြောကြားသည်။
ပလက်ဝမြို့သည် မဟာဓာတ်အားလိုင်း မရရှိသေးသောကြောင့် မြို့၏လျှပ်စစ်မီးကို မီးစက်မောင်းကာ ပေးဝေနေရသည်။
လက်ရှိတွင် ပလက်ဝမြို့နှင့် မိုင်လေးဆယ်ကျော် ဝေးသော ဆမီးမြို့သို့ စက်သုံးဆီပေပါတစ်ရာကျော် ရောက်ရှိနေသော်လည်း လမ်းကြောင်း လုံခြုံရေးအရ ပေးပို့၍ မရသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။
ဦးစိုးထက်က ''စက်သုံးဆီ ဟိုတလောက ၁၅ ပေပါ ရောက်တဲ့ဥစ္စာက အခု ကုန်သွားပြီပေါ့လေ။ ဆက်ပို့ဖို့ အဆင်မပြေဘူး။ မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဆီပေါ ၁၂၃ လုံးက ဆမီးမှာတော့ ရောက်နေပြီ။ ဆမီးကနေ ပလက်ဝကို ပို့လို့မရဘူး ဖြစ်နေတယ်။ လမ်းကြောင်း အရလေ။ ဒီတစ်ရက် နှစ်ရက်တော့ ပို့နိုင်
လိမ့်မယ်လို့ ထင်ပါတယ်'' ဟု ဆိုသည်။
ပလက်ဝမြို့တွင် ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၂၀၀၀ ခန့်နှင့် စစ်ဘေးရှောင်များ အပါအဝင်ဆိုလျှင် လူဦးရေ ၁၃,၀၀၀ ခန့်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်အတွင်းကလည်း စက်သုံးဆီပြတ် လပ်သွားခဲ့သည့်အတွက် ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောကြားသည်။
'' ဒီဇယ်မီးစက်နဲ့တစ်ညကို နှစ်နာရီခွဲ ပေးနေပါတယ်။ အဲဒါကို ဆီပြတ်သွားတာပါ'' ဟု ဝန်ကြီးဦးစိုးထက် ကလည်း ပြောကြားသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေးတင်းမာမှုများကြောင့် ပလက်ဝတွင် ဒေသတွင်း ကုန်စည်စီးဆင်းရေး လမ်းကြောင်းများ ပိတ်ဆို့ပြတ်တောက်ကာ ဒေသများခံသည် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို အလူးအလဲခံနေရသည်။
ဆမီးတွင် သောင်တင်နေသော ပလက်ဝသို့ပို့မည့် ကုန်ပစ္စည်းများထဲတွင် စက်သုံးဆီများအပြင် စာသုံးကုန်များလည်း ပါဝင်သည်။
'' လမ်းကြောင်းမကောင်းလို့ သွားလို့မရသေးတာနဲ့ အခု စားရေရိက္ခာတွေရော ဆီတွေရော မရောက်ဘူး ဖြစ်နေတယ်။ ဆမီးမှာတော့ ကား ၁၀ စီး စာလောက် ရှိနေတယ်''ဟု ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။
ပလက်ဝဒေသသည် ယခင်က ငြိမ်းချမ်းသည့် ဒေသဖြစ်ပြီး AA တပ်ဖွဲ့များဝင်ရောက် အခြေချလာပြီးသည့် နောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အတူ ဒေသတွင်း တည်ငြိမ်မှုလည်း ပျက်ပြားခဲ့သည်
http://www.theladiesnewsjournal.com/news/thu-2020-10-01-1413/13687
No comments:
Post a Comment