တပ်မတော်သား ၂ ဦးကို ICC ရောက်ရှိဆိုသောကိစ္စ ပို့ပေးသူနှင့်ပို့ပေးသယောင် နှပ်ကြောင်းပေးနေသူများ အချုပ်အခြာအာဏာ စော်ကား၊
လက်ခံထားလျှင် အစိုးရထံ ပြန်လွှဲပေးရမည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
ရန်ကုန်၊ စက်တင်ဘာ ၂၇
တပ်မတော်သား ၂ ဦး နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ ရောက်ရှိနေသည်ဆိုသော ကိစ္စနှင့်ပတ်သက်ပြီး အဆိုပါတပ်မတော်သား ၂ ဦးကို ICC သို့ ပို့ပေးသူ၊ ပို့ပေးသယောင် နှပ်ကြောင်းပေးပြောနေသူများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၂၆ ရက်နေ့ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဒီ ICC နဲ့ပတ်သက်ပြီးတော့ သူတို့ဆီမှာ မရောက်ဘူးလည်းပြောတယ်။ ရောက်တယ်လို့လည်းပြောတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့လည်း အငြင်း ပွားစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့အနေနဲ့က တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့က ICOE အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ အဲလို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်လျက်ရှိရာမှာ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ Court of Inquiry အနေနဲ့က ကျွန်တော်တို့စပြီး ဖွဲ့စည်းတည်းက အတိုင်း သက်သေအထောက်အထားများရှိရင် ကျွန်တော်တို့ကို E-mail ကလည်းပို့လို့ရတယ်။ သက်သေအထောက်အထားများရှိရင် ကျွန်တော်တို့ကို စာနဲ့လည်းပေးလို့ရတယ်။ ဖုန်းနဲ့လည်း ပေးလို့ရတယ်ဆိုတာ တရားဝင် ကျွန်တော်တို့ တောင်းခံထားပြီးသားဖြစ်တယ်။ မည်သူမဆို လွတ်လပ်စွာပေးပိုင်ခွင့်ရှိတယ်။ ဒီလိုမျိုး ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်တယ်။ ပြီးရင် တပ်မတော်ရဲ့ တရားစီရင်ရေးစနစ် နိုင်ငံတော်ရဲ့ တရားစီရင်ရေးစနစ်သည် မြန်မာနိုင်ငံမှာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်း တရားစီရင်ရေးစနစ်သည် အဆင့်မီ တရားစီရင်ရေးစနစ်ဖြစ်တယ်။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီဟာတွေသည် တပ်မတော်သား ၂ယောက် ရောက်ရှိနေတာ မရောက်ရှိနေတာ ကျွန်တော်မငြင်းလိုဘူး။ ရောက်ရှိနေတယ်ဆိုရင်လည်း နိုင်ငံတော်ရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုစော်ကားတာလို့ပဲ ကျွန်တော်တို့ ယူဆတယ်။ အဲဒီ ပို့ပေးလိုက်တယ်ဆိုရင်လည်း ပို့ပေးလိုက်တဲ့သူတွေပေါ့။ ပို့မပေးလိုက်ဘူးဆိုရင်လည်း ပို့ပေးသယောင်နှပ်ကြောင်း ပြောနေတဲ့သူတွေသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ်ကို စိန်ခေါ်တာပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတာပဲဖြစ်တယ်" သူက ပြောသည်။
တပ်မတော်သား ၂ ဦးသည် အမှန်တကယ် ICC ရောက်ရှိနေသည်ဆိုလျှင် လက်ခံထားသူများအနေဖြင့် မြန်မာနိုင်ငံအစိုးရထံသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"လက်ခံထားတယ်ဆိုရင်လည်း လက်ခံထားတဲ့သူတွေသည် မြန်မာနိုင်ငံ အစိုးရကို တရားဝင်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့ပြောချင်တယ်"ဟု ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကာလ မွတ်စလင်(ရိုဟင်ဂျာ)များကို သတ်ဖြတ်ခဲ့သည်ဟုဝန်ခံထားသော တပ်မတော်သား ၂ ဦး AA ထံမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တရားရုံးသို့ သက်သေထွက်ဆိုနိုင်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း ရိုက်တာ၊ နယူးယောက်တိုင်းမ်၊ ကနေဒါ CBC သတင်းဌာန ၃ ခု၏ စက်တင်ဘာလ ၈ ရက်နေ့ သတင်းရေးသားချက်နှင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့၏ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၆၅ မှ (တ-၅၂၂၃၁၁ ) တပ်သားမျိုးမင်းထွန်း နှင့် ရခိုင်အခြေစိုက် ခမရ ၃၅၃ မှ တပ်သား ဇော်နိုင်ထွန်း တို့သည် AA ထံတွင် ထိန်း သိမ်းခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် နယ်သာလန်နိုင်ငံ၊ The Hague ရှိ နိုင်ငံတကာရာဇဝတ်တရားရုံးICC ထံသို့ ရောက်ရှိပြီး သက်သေထွက်ဆိုနိုင်ဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။
https://www.facebook.com/khitthitnews/posts/1022127011557978?__cft__[0]=AZW3sKN6U-F0tZIS00TGpvon3JKG7Uvt8lspZP5b1fCru7lyP11BU1luWZIJilbJhyLfdFnxZGwkMP_3jgC9dfQQs_78UCXLuAqAzyk0vG1Z9Jrb25vg2rbhTHhKvhQyaGXjvYsEXJ82fTZm0i0gntLjt_W1MsdnVi1bGPeoEs2BXbvyGm9DxIB8-HCJmAyExO0&__tn__=%2CO%2CP-R
No comments:
Post a Comment