Saturday, September 26, 2020

ပခုက္ကူတက္ကသိုလ်ထဲအထိ စစ်ဆန့်ကျင်ရေး ဗကသ ကျောင်းသားများကို ဝင်ဖမ်း၊ ၇ ဦး ဖမ်းဆီးခံရပြီး ၃၀ ကျော် တိမ်းရှောင်နေရ

 ပခုက္ကူတက္ကသိုလ်ထဲအထိ စစ်ဆန့်ကျင်ရေး ဗကသ ကျောင်းသားများကို ဝင်ဖမ်း၊ ၇ ဦး ဖမ်းဆီးခံရပြီး ၃၀ ကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၇
ရခိုင်စစ်ပွဲဆန့်ကျင်ရေးနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားများကို ပခုက္ကူတက္ကသိုလ်ထဲထိ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးပြီး မန္တလေးသို့ ခေါ်သွားသည်ဟု သိရှိရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မန္တလေးတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်တပ်ဆန့်ကျင်ရေးနှင့် ရခိုင်စစ်ပွဲ အဆုံးသတ်ရေး ဆန္ဒပြပွဲအတွက် ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ ပခုက္ကူတက္ကသိုလ်ရှိ ဗကသဗဟိုဌာနချုပ်ကို ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၆ ဦးကို ပါမောက္ခချုပ်၏ ခွင့်ပြုချက်မပါဘဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ယခင် ဗကသ ဥက္ကဋ္ဌဟောင်း ကိုသက်မောင်မောင်ကိုမူ မြို့ထဲ မုန့်စားနေစဉ် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ကျောင်းသား ၇ ဦးကို ဖမ်းဆီးပြီး ကား ၄ စီးဖြင့် မန္တလေးသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။
ပခုက္ကူတက္ကသိုလ်ထဲတွင် ဖမ်းဆီးခံရသူများမှာ
(၁) ကိုညီညီမင်းထက်ဝေ - ပညာရေးတက္ကသိုလ်/ကောလိပ်များဆိုင်ရာအတွင်းရေးမှူး /ဗကသများအဖွဲ့ချုပ်၊ ဥက္ကဌ / ကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီ
(၂) ကိုအောင်ခိုင်မင်း - ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
(၃) ကိုရှိုင်းဝဏ္ဏအောင် - အတွင်းရေးမှူး / ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
(၄) ကိုဟိန်းထက်အောင် - သတင်းနှင့်ပြန်ကြားရေး/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
(၅) ကိုလှထွန်းအောင် - ဒုဥက္ကဌ/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)
(၆) ကိုသုတညီညီ - အထွေထွေအတွင်းရေးမှူး/မန္တလေးသမဝါယမကောလိပ်ကျောင်းသားသမဂ္ဂ
(၇) ကိုသက်မောင်မောင်- ဗကသများအဖွဲ့ချုပ် ဥက္ကဌ(ဟောင်း) တို့ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရှာဖွေလျက်ရှိသော ကျောင်းသား ၃၀ ကျော်ရှိနေပြီး တချို့မှာ မည်သည့် ဆန္ဒပြမှုတွင်မှ ပါဝင်ခြင်းမရှိဘဲ နေအိမ်များသို့ လိုက်လံ မေးမြန်းနေသည့်အတွက် တိမ်းရှောင်နေရကြောင်း ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။
"အခုက ဖမ်းသွားတဲ့ ၇ ဦးက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အရေးယူမယ်လို့သိထားတယ်။ နောက်ပြီး ပုဒ်မ ၅၀၅ (က) (ခ) လည်းပါတယ်လို့ ကြားတယ်" ဟု ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောသည်။
လတ်တလော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားလျက်ရှိသော စစ်ဆန့်ကျင်ရေး ကျောင်းသား ဆန္ဒပြမှုများတွင် ပါဝင်နေသည့် ကျောင်းသားများကို ပုဒ်မ ၅၀၅ (က) (ခ) ၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် အရေးယူမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

https://www.facebook.com/khitthitnews/posts/1022473918189954?__cft__[0]=AZWsf088xTFz3u7TQKJhM9Sf71Yz8QjjLwaDcK05ozLAMLaO8I6v2m8iGO8Yx5m0lxNSX8ThkxQI4YlWaSTFFJhMhDVW4w_n9GqbvzoPDVDd1SHgVpO5LBi3EMeNfeLiCEEDXRWWNE6kUvxYhgnE3_73kHI9BGSnmMjQgI5JYGowaaF-drIHV9vDHJI8wXSZUeA&__tn__=%2CO%2CP-R

No comments:

Post a Comment