Tuesday, September 1, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ


    နေပြည်တော် စက်တင်ဘာ ၁
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။
    တွေ့ဆုံပွဲအပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိတို့ တက်ရောက် ဆွေးနွေးကြသည်။
    ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်မြှင့်တင်သွားရေး၊ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့်ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ် သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် ညှိနှိုင်းစီစဉ်သွားရေး၊ လူငယ်များအပါအဝင် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူး ဆက်ဆံမှုများ မြှင့်တင်ရန်အတွက် ယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွား ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ချမှတ်ရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
    ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံကလည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှု များအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တစ်နိုင်ငံစနစ် နှစ်မျိုး မူဝါဒတို့ကို ဆက်လက်ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။
    ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် အလှည့်ကျ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးနှင့် ဒေသတွင်းကိစ္စရပ်များကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာသွားရေး၊ ၂၀၂၀-၂၀၂၂ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူစဉ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရေးနှင့် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတို့နှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
    နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။
    https://www.moi.gov.mm/news/5039

    No comments:

    Post a Comment