အရပ်သားများအပေါ် ပြစ်မှုကျူးလွန်မှုများ အရေးယူရန် သမ္မတနှင့် အတိုင်ပင်ခံအားတောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
ရခိုင်ပြည်နယ်အတွင်း အရပ်သားများအပေါ် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား ရခိုင်အမျိုးသားပါတီ(ANP) က တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ၊ မြို့သစ်ရပ်ကွက်နေ ဦးအေးကျော်အား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် ဒဏ်ရာများဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့က သေဆုံးသွားခဲ့သည်။
အလားတူကိစ္စရပ်များ ရခိုင်ပြည်နယ်အတွင်း မကြာခဏဖြစ်ပေါ်နေပြီး အကြိမ်ကြိမ်တင်ပြ တောင်းဆိုခဲ့သော် လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့သည့်အတွက် ယနေ့အထိ ဆက်လက်ကြုံတွေ့နေရသည့်အပေါ် ထပ်မံ တောင်းဆိုရခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန် က ပြောသည်။
“ဒီလိုပဲ ပြစ်မဲ့တဲ့ အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတယ်။ AA ဆိုပြီး စွပ်စွဲတယ်။ AA အစစ်ပဲ ဖြစ်ဖြစ်၊ အကြမ်းဖက်သမားပဲဖြစ်ဖြစ် အလောင်းကို ပို့တဲ့ အနေအထားမျိုးကို လုပ်လို့ရသလား။ ကျမတို့ Statement ထုတ်ပြီးမှပဲ မနက်စာကျွေးနေတုန်း ပစ္စတိုကိုလုပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်ဆိုတာမျိုး ထုတ် တယ်။ ဒါက တကယ့်ကို ယုတ္တိမဆန်တဲ့ ထုတ်ပြန်ချက်ပဲ။ ၂၄ နာရီ နီးပါးလောက် တပ်ထဲမှာ အဖမ်းဆီးခံနေရ တယ်။ အခု အလောင်းအဖြစ်နဲ့ ပြန်တွေ့တဲ့အခါမှာ ခြေတွေ လက်တွေကော ဒဏ်ရာတွေဗလပွနဲ့ သေနတ်ဒဏ် ရာတွေ ပါနေတဲ့ အနေအထားမှာ မနက်စာကျွေးချိန် ပစ္စတိုလုပြီး ကိုယ့်ကိုကိုယ်သေကြောင်းကြံတယ်ဆိုတာ ယုတ္တိတန်လား။”
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က “AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်” ဟု စက်တင်ဘာ လ ၂၉ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထို တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “ဒီလိုနှိပ်စက်ခံထားရတဲ့လူက ဒီလိုလုတယ်ဆိုတာ ဟုတ်ရဲ့ လား။ ဒါတွေအနေအထားမှာ တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ရပ်မှာ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းပြီးတော့ အလောင်းကို ထုတ်ပေးတယ် ဆို တာမျိုး ကျမတို့ မလိုချင်ဘူး။ ကျမတို့ ဖြစ်စေချင်တာက ဒီလိုအရပ်သားတွေအပေါ် ကျူးလွန်တဲ့ အရပ်သား မဟုတ်ပလေ့စေ တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်စေချင်တယ်” ဟု ဒေါ်အေးနုစိန် က ဆက်ပြောသည်။
“ဒါကြောင့် ရှေ့မှာလည်းပဲ ကျမတို့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်တွေကိုလည်း ဖြစ်ရပ်တွေကို အများကြီးတင်ပြဖူးတယ်။ အိတ်ဖွင့်ပေးစာတွေ၊ ဖြစ်စဉ်တွေ၊ ဓါတ်ပုံတွေ၊ အထောက်အထားတွေ၊ နေရပ်လိပ်စာတွေနဲ့တကွ အများကြီးပို့ဖူးတယ်။ ဒါပေမယ့် ဘာတစ်ခုမှ တုန့်ပြန်ချက်မရပဲနဲ့ ခဏနေ မီးရှို့ခံရ၊ ခဏနေ သတ်ခံရ၊ ဖမ်းဆီးခံရ တင်ပြရပြန်ပြီ။ ဆိုတော့ တပ်မတော်သတင်းမှန်ထုတ်ပြန်ချက်က လုပ်လိုက်ပြန်ရင် လည်း တစ်ရွာလုံးကို ဖမ်းထားတာပဲ သေနတ်လုလို့ ပစ်ရတယ်။ ဒါမျိုးပဲ။ အခုလည်း တပ်ထဲမှာ ဖမ်းခံရတဲ့ လူ တစ်ယောက်က ပစ္စတိုကိုလုပြီးတော့ ကိုယ့်ကိုကိုယ်သေကြောင်းကြံတယ်ဆိုတာ ဒီသတင်းကို ကျမတို့ ထုတ် ပြန်ချက်ထုတ်ချိန် မသိသေးဘူး။”
ဦးအေးကျော်သည် သုံးဘီးဆိုင်ကယ်ဖြင့် လက်ကျိုးနေသည့် အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တိုင်းရင်းဆေးဖြင့် ကုသရန် လိုက်ပို့စဉ် စက်တင်ဘာလ ၂၇ ရက်နေ့က ခမရ ၃၇၇ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူ ဦးအေးကျော်၏ မိသားစုဝင် တစ်ဦးက “သူက AA နဲ့လည်း မပတ်သက်ပါဘူး။ သုံးဘီးမောင်းပြီး မိသားစုကို လုပ်ကျွေးတာပါ။ အခုလည်း လူသွားပို့ရင်းအခုလိုမျိုးဖြစ်သွားတာ။ သူ့မှာကလေးအငယ်လေး လသား ကလေးလည်းရှိပါတယ်။ သူသေသွားတော့ အခု မိသားစုက အခက်အခဲဖြစ်ပါတယ်။ ကျနော်တို့လည်း ဘယ်လိုဆက်လုပ်ရမလဲမသိဘူး။ သေသေချာချာ ဥပဒေအတိုင်းတော့ အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။
သို့သော် တပ်မတော်က ဦးအေးကျော်အား AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်ကြောင်း၊ စစ်ဆေး မှုများ ဆောင်ရွက်နေစဉ် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၂၉ ရက် ယနေ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေး ကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေး ရာ အေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်” ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
COVID- 19 ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြားတစ် ဖက်တွင် ဒေသခံများမှာ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရခြင်း၊ စွတ်စွဲခံရခြင်း၊ ညှင်းပန်းနှိမ့်စက်ခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အသေသတ်ခံရခြင်း အစရှိသည့် လူ့အခွင့်အရေး အမျိုးမျိုးကို ချိုးဖောက်ခံနေ ရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်သူများ က ဆိုသည်။
ထို့ကြောင့် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေသည့် COVID- 19 ကပ်ရောဂါကြောင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်များ အနေဖြင့် လူသားချင်းစာနာသောအားဖြင့် အပစ်ရပ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံအရာရှိများက တောင်းဆိုထားသည်။
http://www.nmg-news.com/2020/09/29/12105
No comments:
Post a Comment