ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာက နေအိမ်အနောက်ဘက် စပါးကျီအတွင်းမှာ လက်လုပ်မိုင်းဗုံးတွေ တွေ့ရှိတဲ့အတွက် အိမ်ရှင် ဦးမောင်ပိန်အောင် ၃၆ နှစ်ကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ တပ်မတော်က သတင်းထုတ်ပြန် ခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်း တစ်ခု ကျေးရွာအတွင်းကို ဝင်ရောက်လာခဲ့ပြီး ကျေးရွာသား ဦးမောင်ပိန်အောင်ရဲ့ နေအိမ်ကို ရှာဖွေမှုတွေပြုလုပ်ပြီးတော့ စစ်ဆေးဖို့ ခေါ်ဆောင် သွားခဲ့တာဖြစ်တယ်လို့ ညီဖြစ်သူ ဦးကျော်လှက ပြောပါတယ်။
ဦးမောင်ပိန်အောင်ကို အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းက နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်ပြီး နောက်တစ်ကြိမ်လာရောက် ရှာဖွေမှုတွေ ပြုလုပ်တဲ့အခါမှာ နေအိမ်ခြံဝင်းအတွင်းကနေ ဗုံးတွေ့တယ်ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့ တယ်လီဖုန်းအတွင်းမှာ အေအေ အကြမ်းဖက်သောင်းကျန်းသူများ နဲ့ ဆက်သွယ်ထားတဲ့ အချက်အလက်တွေကို တွေ့ရလို့ ရပ်မိ၊ရပ်ဖတွေနဲ့ အတူ နေအိမ်ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို ရှာဖွေစစ်ဆေးရာမှာ နေအိမ်အနောက်ဘက် စပါးဂိုဒေါင်အတွင်းက ဒေသန္တရ လက်လုပ် နင်းမိုင်းတစ်လုံး (စနက်တပ်ဆင်လျက်) နဲ့ ဝါးညှပ်နင်းမိုင်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ကျောက်တော်မြို့နယ်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ဒေသ တစ်ခုဖြစ်ပြီး တပ်မတော်က အခုလိုမျိုးစစ်ဆေးတာတွေရှိနေပြီး အရပ်သားဖမ်းဆီးခံရမှုတွေလည်း မကြာခဏကြုံနေရတယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
အေအေအဖွဲ့ နဲ့လည်း ပတ်သက်မှုမရှိဘူးလို့မိသားစုဘက်ကပြော
ဦးမောင်ပိန်အောင်ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းကိုစစ်ဆေးတဲ့အခါမှာ အေအေအဖွဲ့နဲ့ဆက်သွယ်ထားတဲ့ အချက်အလက် တွေကိုလည်း စစ်ဆေးတွေ့ရှိရတယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဦးမောင်ပိန်အောင်ဟာ မိသားစုတွေနဲ့အတူ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေသူ တစ်ဦးဖြစ်သလို အေအေအဖွဲ့ နဲ့လည်း ပတ်သက်မှုမရှိဘူးလို့ ညီဖြစ်သူက ပြောပါတယ်။
အဲ့ဒီနေအိမ်မှာ ဦးမောင်ပိန်အောင်ရဲ့ မိသားစုတွေလည်းရှိနေပြီး တပ်မတော်သားတွေ ပထမအကြိမ် လာရောက်ရှာဖွေမှုတွေ ပြုလုပ်တဲ့အခါမှာ ထားခဲ့တဲ့ ဗုံးတွေဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။
"ကျွန်တော်အစ်ကိုကို ခေါ်သွားတဲ့အချိန်မှာ ဘုန်းကြီးကျောင်းမှာပဲထားတယ်။ ညနေပိုင်းမှ တပ်ကိုခေါ်သွားတယ်လို့ သိရတယ်။ အေအေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ ကျွန်တော်အစ်ကိုက အေအေနဲ့ပတ်သက်မှုမရှိဘူး။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့သူပါ။ ပထမအကြိမ် လာရှာတဲ့အခါမှာလည်း အဲ့ဒီလက်ပစ်ဗုံးတွေ တွေ့တယ် လို့မပြောဘူး။ ဒုတိယအကြိမ်လာရှာတဲ့အခါမှာ တွေ့တယ်လို့ပြောတာ။ သူတို့ပထမအကြိမ်လာရှာတဲ့အခါမှာ အဲ့ဒါ သူတို့ထားခဲ့တာကို မြင်လိုက်တဲ့မိသားစုဝင်တွေရှိတယ်လို့ သိရပါတယ်။"လို့ ဦးမောင်ပိန်အောင်ရဲ့ညီဖြစ်သူ ဦးကျော်လှက ပြောပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေမြင်ရတယ်လို့ဆို
အခုလိုမျိုး မိသားစုဝင်တွေဘက်က ပြောဆိုမှုနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းလို့ မရခဲ့သလို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
အဲ့ဒီစစ်ကြောင်းဟာ ဦးမောင်ပိန်အောင်ကို ဖမ်းဆီးဖို့ အတွက် လာခဲ့ကြတာမျိုး မဟုတ်ဘဲ ရွာကိုရောက်လာခဲ့တဲ့အချိန်မှာ ယောက်ျားတွေ ရှိတဲ့နေအိမ်တွေကို ရှာဖွှေမှုတွေပြုလုပ်ပြီး သူတို့ကိုယ်တိုင် ဗုံးတွေနဲ့ လုပ်ကြံ ဖမ်းဆီးတာကို ခံလိုက်ရတာ ဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဦးမောင်ပိန်အောင်ကို စက်တင်ဘာ ၂၉ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းကို တပ်မတော်က လာရောက်ပို့ဆောင်လိုက်ပြီဖြစ်ကာ မိသားစုတွေသွားရောက်တွေ့ဆုံခဲ့တဲ့အခါမှာတော့ စစ်ဆေးခံနေရတဲ့အချိန်မှာ ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။
ဦးမောင်ပိန်အောင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ သူ့ရဲ့အခြေအနေတွေကို သိခွင့်ရဖို့အတွက် ကျောက်တော်မြို့မရဲစခန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
လွှတ်တော်ကိုယ်စားလှယ်က မေတ္တာရပ်ခံ
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလဲ မြောက်ဦးမြို့ပေါ်မှာ သုံးဘီးဆိုင်ကယ်သမားတစ်ဦး တပ်မတော်ရဲ့ဖမ်းဆီးခြင်း ကိုခံလိုက်ရပြီး စစ်ကြောခံနေရတဲ့အချိန် သေဆုံးသွားခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ညနေပိုင်းမှာ မြောက်ဦးဆေးရုံကို အလောင်းပို့ဆောင်ပေးခဲ့ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အမှန်တကယ် ဆက်စပ်နေသူတွေမဟုတ်ဘဲ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်နေတဲ့သူတွေကို ဖမ်းဆီးတာမျိုးမလုပ်ကြဖို့နဲ့ သေသေချာချာ စိစစ်ပြီးတော့မှ လုပ်ကိုင်ကြဖို့အတွက်ကိုလဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေတ္တာရပ်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသွားပါတယ်။
စစ်ကြောင်းတွေအနေနဲ့ ရွာတွေကိုဝင်ရောက်လာတဲ့အခါမှာလဲ လူတွေကိုအပြစ်မဲ့ဖမ်းဆီးတာတွေမလုပ်ဖို့နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတာတွေကို ရပ်တန့်စေချင်တယ်လို့ ဖမ်းဆီးခံနေရတဲ့ ဦးမောင်ပိန်အောင်ရဲ့ ညီဖြစ်သူ ဦးကျော်လှက ပြောပါတယ်။
https://www.bbc.com/burmese/burma-54371621
No comments:
Post a Comment