မြန်မာဌာန | သတင်းများ
စစ်တွေမှာ ဒုက္ခသည် ထောက်ပံ့ငွေ ဖြတ်တောက်ခံနေရ
2020-10-01အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းက မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းက မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်မြောက်ပိုင်းမှာ ကပ်ဘေးကာလအတွင်း အစိုးရ ထောက်ပံ့ငွေကို အပြည့်အဝမရကြဘူးလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။
ကပ်ဘေးကာလအတွင်း မွတ်စလင်ဒုက္ခသည်တွေနဲ့ ရခိုင်ဒုက္ခသည်တွေအတွက် တစ်အိမ်ထောင်ကို ငွေကျပ် လေးသောင်းစီကို အစိုးရက ထောက်ပံ့ပေးပေမယ့် အပြည့်အဝမရကြတာပါ။
စစ်တွေမြို့ ခေါင်းဒုက္ကာ အမှတ်(၂)ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက မနေ့က စခန်းစီမံ ခန့်ခွဲရေး ကော်မတီကနေတဆင့် ဒုက္ခသည်တွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့အခါ ငွေလေးသောင်းကျပ် ကိုင်ဆောင်ကာ ဓာတ်ပုံမှတ်တမ်းရိုက်ကြပြီးနောက် ငွေသုံးထောင်ကိုဖြတ်ပြီး ကျန်တဲ့ သုံးသောင်းခုနှစ်ထောင် ကိုသာ ဒုက္ခသည်တွေကို ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သက္ကယ်ပြင်ဒုက္ခသည်စခန်းနဲ့ အုန်းတောကြီးတောင် စခန်းတွေက ဒုက္ခသည်တွေကလည်း အလားတူ ဖြတ်တောက်ခံရပါတယ်။
အုန်းတောကြီးမြောက် ဒုက္ခသည်စခန်းမှာတော့ အခန်းပေါင်း ၂၇၀၀ ကျော်အနက် အိမ်ထောင်စု ၂၁၅ စုဟာ ထောက်ပံ့ကြေး ပေးအပ်မယ့် စာရင်းထဲမှာ မပါတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ မနေ့က တင်ပြလိုက် ကြတယ်လို့ စခန်းလူကြီးတစ်ဦးက ပြောပါတယ်။
အလားတူ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာကနေ ထိပ်ထူးပေါက်ကျေးရွာကို ထွက်ပြေးခိုလှုံနေကြရတဲ့ မွတ်စလင် အိမ်ထောင်စု ၇၁ စုအနက် ၅၇ စုကို ထောက်ပံ့ငွေ ပေးအပ်ရာမှာလည်း တစ်အိမ်ထောင်ကို ခုနစ်ထောင်ကျပ်စီ ဖြတ်တောက်ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။
အခုလိုဖြတ်တောက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဒုက္ခသည် ငါးဦးက မနေ့က သွားရောက်တိုင်ကြားခဲ့ရာမှာ ပြေလည်အောင်ဖြေရှင်းပေမယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ကျေးရွာကို ပြန်ရောက်လာချိန်မှာတော့ ကျေးရွာအာဏာပိုင်တွေက ရွာကနေ နှင်ထုတ်တာကြောင့် ဒီနေ့မနက်မှာတော့ မူလနေရပ် ဆင်သေပြင်ရွာကို ပြန်နေကြရတယ်လို့ ရွာကနေ နှင်ထုတ်ခံရတဲ့ ဦးမာမောက်ခေါ်ဘီက RFA ကို ပြောပါတယ်။
ဒုက္ခသည်တွေအတွက် ထောက်ပံ့ကြေးငွေတွေကို ဘယ်သူတွေက ဖြတ်တောက်တယ် ဆိုတာနဲ့ပတ်သက်လို့ RFA က ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလိုထောက်ပံ့ကြေး အပြည့်အဝ မရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က တယ်လီဖုန်းကနေ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။
https://www.rfa.org/burmese/news/refugees-in-sittwe-10012020032254.html
No comments:
Post a Comment