Tuesday, September 29, 2020

ရခိုင်ဒေသမပါသည့် အပစ်အခတ်ရပ်စဲရေး တပ်မတော် သက်တမ်းတို

 ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ ဒေသ မပါဝင်သော အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလကုန်အထိ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ပြောသည်။

“သက်တမ်းတိုးဖို့ ကိစ္စရှိပါတယ်။ အောက်တိုဘာလကုန်လောက်အထိ ဖြစ်ပါလိမ့်မယ် ၊ သတ်မှတ်ချက်တွေကတော့ အရင်လိုပါပဲ“ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

Covid-19 ကာကွယ် ၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်နှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများရှိသည့် နယ်မြေများမှ အပ ကျန်နယ်မြေများကို တပ်မတော်က အပစ်အခတ်ရပ်စဲခြင်းဖြစ်သည်။ ယင်းအပစ်အခတ်ရပ်စဲမှုကို မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တစ်ကြိမ်၊ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ တစ်ကြိမ် နှင့် ယခုအခါ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

“ဒါမျိုးလုပ်ဆောင်ထားတဲ့အတွက် Covid-19 ပတ်သက်ပြီး ကာကွယ်ရေး ၊ ကုသရေး၊ထိန်းချုပ်ရေးတွေမှာ ကျွန်တော်တို့ ပိုပြီးတော့လုပ်ဆောင်လာနိုင်တယ်။လက်တွေ့ကတော့ ကျွန်တော်တို့ တပ်မတော်အနေနဲ့ ကျေးလက်ဒေသတွေထိ သွားရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကူညီနိုင်တယ်။ မိုင်းလားတို့ ဝတို့ ဒေသတွေအထိ ကျွန်တေ်ာတို့ သွားပြီးလုပ်ပေးနိုင်တယ် “ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု သိသိသာသာလျော့နည်းသွားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ် နှင့်ချင်းပြည်နယ် ပလက်ဝဒေသသည် အစိုးရက မတ် ၂၃ ရက်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာခဲ့သည့် AA အဖွဲ့၏ လှုပ်ရှားမှုနယ်မြေများဖြစ်သည့်အတွက်ကြောင့် အပစ်အခတ်ရပ်စဲရေးမကြေညာနိုင်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာပြီး တပ်မတော်အနေဖြင့် Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အာရုံစိုက်သင့်သော်လည်း လက်တွေ့ အခြေအနေမှာ မဖြစ်နိုင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တပ်မတော်က ထိုးစစ်များရပ်တန့်ထားသည့်တိုင် AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခြင်းများ၊ကျေးရွာများအတွင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် တပ်မတော်က လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေရလိမ့်မည်ဟု ၎င်းက ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားကြောင်း ဒုတိယအကြိမ် သက်တမ်းတိုးသည့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။


https://myanmar.mmtimes.com/news/144303.html

No comments:

Post a Comment