Sunday, September 27, 2020

မန့်နောင်ကောင်ကျေးရွာမှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တွေအတွက် အစားအသောက် အခက်အခဲဖြစ်နေ

 မန့်နောင်ကောင်ကျေးရွာမှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တွေအတွက် အစားအသောက် အခက်အခဲဖြစ်နေ

လွေးနှင်းဖြူ၊ ရွှေဖီမြေ

စက်တင်ဘာ ၂၈ ရက်၊ မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ်ခွဲမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ဒေါင်ကျေးရွာခံ (၆၀)ကျော် တိမ်းရှောင်ခဲ့ရပြီး အစားအသောက် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေဟာ မန့်နောင်ကောင်ရွာက ဘုရားကျောင်းကို စက်တင်ဘာလ ၁၈ ရက်ကတည်းက ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှာ လာရောက်ကူညီပေးတာ မရှိသေးပါဘူး။

“စက်တင်ဘာ ၁၈ ရက်ကတည်းက ရောက်လာတော့ ကျနော်တို့ဘက်က အခက်အခဲရှိတယ်။ အခုချိန်က ကိုဗစ်ကာလလဲဖြစ်တော့ စီးပွားရေး ကြပ်တည်းနေတယ်။ စားဝတ်နေရေးက တော်တော်အခက်အခဲဖြစ်တယ်” လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးကို ရွှေဖီမြေကို ပြောပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

အိမ်ထောင်စု (၂၀)စု၊ လူဦးရေ (၆၅)ဦး တိမ်းရှောင်လာကြပြီး အဲဒီအထဲမှာ အမျိုးသား (၃၄)ဦး၊ အမျိုးသမီး (၃၁)ဦးအပါအဝင် (၁၈)နှစ်အောက် ကလေးငယ် (၁၈)ဦး ပါဝင်ပါတယ်။

“အခုဆို သူတို့ကျေးရွာထဲမှာ ဘယ်သူမှ မကျန်တော့ဘူး။ အိမ်မှာရှိတဲ့ ကြက်တွေ ပစ္စည်းတွေလည်း ပျောက်ကုန်တယ်။ သူတို့ရွာရဲ့ရွာထိပ်မှာ စစ်ကြောင်းတွေရှိထားတော့ ရွာအခြေအနေက မကောင်းသေးဘူး။ ပြန်လို့မရသေးဘူး” ဆိုပြီး ၎င်းကျေးရွာတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကနေ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းအထိ မူဆယ်မြို့နယ် မန်ကောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ကချင်တပ်မတော် (KIA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ (၂၂၈)ဦး တိမ်းရှောင်ခဲ့ရဖူးပါတယ်။

#တိုက်ပွဲရှောင် #အစားအသောက် #လိုအပ်နေ #မူဆယ်

#ဓာတ်ပုံ- Local

https://www.facebook.com/451214215694715/posts/798439594305507/


https://www.facebook.com/shwepheemyaynews/posts/798439594305507

No comments:

Post a Comment