တပ်မတော်စစ်ကြောင်းလှုပ်ရှားမှုများရှိနေ၍ နတ်ဆိပ်ကျေးရွာသားများထွက်ပြေး
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ စက်တင်ဘာ ၂၆ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်တောင်စေတီအနီးတဝိုက်တွင် တပ်မတော်သားများ လှုပ်ရှား သွားလာမှုများ ရှိနေသဖြင့် အနီးအနားရှိ နတ်ဆိပ်ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး တစ်ခြား ကျေးရွာများသို့ ယနေ့ နံနက်က ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ သူတို့ (ရွာသားတွေ) က တပ်မတော်သားတွေကို မြင်လို့ထွက်ပြေးနေကြတာ။ ရွာထဲကို စစ်ဆေးဖို့ အတွက် အုပ်ချုပ်ရေးမှူးဆီက အိမ်ထောင်စု စာရင်းတွေ တောင်းတယ်လို့ အုပ်ချုပ်ရေးမှူးက ကျနော့်ဆီကို ဖုန်းဆက်တယ်။ အဲဒါကြောင့် ရွာသားတွေက ကြောက်ပြီး ထွက်ပြေးနေကြတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။ ပြောသည်။
နတ်ဆိပ်ကျေးရွာသည် ပုဏ္ဏားကျွန်းမြို့၏ ၃ မိုင်ခန့်အကွာတွင် ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၂ဝဝ နီးပါးနှင့် လူဦးရေ ၅ဝဝ ခန့်ရှိကြောင်း သိရှိရသည်။
နတ်ဆိပ်ကျေးရွာမှ ကျေးရွာသားတစ်ဦးက “ တပ်မတော်သားတွေက ဒီနေ့ မနက်ကနေ ဦးရာဇ်တောင် ဘုရားနားမှာ သွားလာလှုပ်ရှားနေတာတွေကို မြင်တွေ့ရတယ်။ ကျနော်တို့ရွာနဲ့ ဘုရားနဲ့က အနီးလေးဆိုတော့ ရွာထဲကို ဝင်လာပြီး ဖမ်းဆီးစစ်ဆေးမှာကို စိုးရိမ်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခိုလုံနေကြတာပါ။” ဟုပြောသည်။
နတ်ဆိပ်ကျေးရွာသို့ တပ်တော်စစ်ကြောင်းတစ်ခုက ယခင်ကလည်း ဝင်ရောက်စစ်ဆေးမှုရှိခဲ့ပြီး ယခုလည်း ထိုကဲ့သို့ စစ်ဆေးခံရမည်ကို ကျေးရွာသားများက စိုးရိမ်ကြသည်ဟု ၎င်းက ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နတ်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
ကိုဗစ်ဖြစ်ပွားနေမှုမြင့်တက်နေသော ရခိုင်ပြည်နယ်တွင် ညည့်မထွက်အမိန့်အပါအဝင် အတတ်နိုင်ဆုံးအိမ်မှာ နေထိုင်ဖို့ အစိုးရက ညွှန့်ကြားထားသော်လည်း ရခိုင်မြောက်ပိုင်း မြို့နယ်များမှ ဒေသခံအများအပြားမှာ စစ်ရေး ပဋိပက္ခကြောင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်။
ပြီးခဲ့သော စက်တင်ဘာလ ၃ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာတို့ မီးရှို့ခံရသဖြင့် ဒေသခံပြည်သူ ၁၅ဝဝ ခန့်မှာ အိုးမဲ့၊ အိမ်မဲ့ ဘဝဖြင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။
အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မယူမြစ်ထဲသွားလာနေသော တပ်မတော်ရေယာဉ်မှ တပ်မတော်သားများ ကမ်းပေါ်သို့တက်လာသဖြင့် ဂူတောင်ကျေးရွာမှ ကျေးရွာသား ၂ဝဝဝခန့်မှာ ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများ အပါအဝင် စစ်တွေမြို့ပေါ်အထိ ထွက်ပြေး ခိုလှုံခဲ့ကြသည်။
------------------------------------
Unicode -
နိရဉ်စရာ၊ စကျတငျဘာ ၂၆ / ၂ဝ၂ဝ
https://burmese.narinjara.com/.../5f6f250bd731992f38cee4ce
https://www.facebook.com/narinjara.info/posts/3639956099349774
No comments:
Post a Comment