Tuesday, September 29, 2020

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ခိုနှုမ်းသုန်သတင်း၊ ၃၀ စက်တင်ဘာ ၂၀၂၀။ 

By ရစ်ချက်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် Mamit ခရိုင် Phuldungsei ကျေးရွာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက်ခဲယမ်းများကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့က ဖမ်းဆီးရမိသည်ဟုသိရသည်။ 

မီဇိုရမ်ပြည်နယ်အခြေစိုက် နယ်စပ်လုံခြုံရေးတပ် (Border Security Force) အဖွဲ့တို့သည် စက်တင်ဘာ ၂၈ ရက်နေ့ည (၁၁) နာရီ ခန့်က Mamit ခရိုင် Phuldungsei ကျေးရွာအထွက်တွင် ကားနှစ်စီးအား မသင်္ကာမှုဖြင့် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော လက်နက် AK-47 (၂၈ ခု)၊ AK-56 ( ၁ လက်)၊ US carbine (၁ လက်)၊ magazine (၂၈ ခု) နှင့် ကျဉ်ဆံ ၇၈၉၄ ထောင့် ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ 

အဆိုပါလက်နက်များမှာ မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်လာသော လက်နက်များဖြစ်ပြီး မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်အတွင်းရှိ ခွဲထွက်ရေးသူပုန်အဖွဲ့များထံ ရောင်းချသွားမည့် လက်နက်များဖြစ်သည်ဟု The Aizawl Post သတင်းစာတွင်ဖော်ပြထားသည်။ 

ယင်းလက်နက်များနှင့်အတူ ပိုင်ရှင်ဟုယူဆရသော မီဇိုရမ်နိုင်ငံသား (၃) ဦး Lalhuapzauva (56), Vanlalruata (25) နှင့် Liansanga (46) တို့ကိုလည်း ဖမ်းဆီးပြီး Arms Act 1959 ဖြင့် အမှုဖွင့်ဆိုထားသည်ဟုသိရသည်။


https://www.facebook.com/KhonumthungBurmese/posts/2703118736622818

No comments:

Post a Comment