အမ်းတွင် နောက်ပြန်လက်ပြန်ကြိုးချည်ထားသော ပုတ်ပွအလောင်း ၂လောင်းတွေ့ရှိရပြီး ပိုင်ရှင် မသိရသေး
ရန်ကုန်၊ အောက်တိုဘာ ၁
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့တွင် လက်ပြန်ကြိုးချည်ထားသော အမည်မသိ ပိုင်ရှင်မရှိသော အလောင်း ၂လောင်းတွေ့ရှိခဲ့ကြောင်း အမ်းမြို့နယ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်ပြောဆိုသည်။
အဆိုပါ အလောင်း ၂လောင်းကို အမ်းမြို့နယ်အအတွင်းရှိ အိုးပုံကျေးရွာ အနီး မြောက်ဦးချောင်းထဲတွင် စက်တင်ဘာ ၂၇ရက်နေ့က အလောင်း ၁လောင်းတွေ့ရှိပြီး စက်တင်ဘာ ၂၈ရက်နေ့တွင် အမ်းချောင်းဝ ပေသာမော်ပေါက်တွင် အလောင်း ၁ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီလ ၂၇ရက်နေ့မှာ တစ်လောင်းတွေ့တယ်ပေါ့။ အဲတာက အမ်းမြို့နယ် အိုးပုံကျေးရွာ အနီး မြောက်ဦးချောင်းထဲမှာ ပထမဦးဆုံးတွေ့တဲ့အလောင်းပေါ့။ လက်ကို နောက်ပြန်တုတ်ထားတဲ့ တစ်လောင်းတွေ့တယ်ပေါ့။ ၂၈ရက်နေ့မှာပေါ့။ အမ်းချောင်းဝပေါ့။ ပေသာမော်ပေါက်မှာ ဒုတိယတစ်လောင်းတွေ့တယ်ပေါ့။ အဲဒီအလောင်း ၂လောင်းတွေ့တာတော့ရှိတယ်။ ၂၇ရက်နေ့က တွေ့တဲ့အလောင်းကတော့ အမ်းရဲစခန်းကနေပြီးတော့ တာဝန်ရှိတဲ့သူတွေက အလောင်းကို သယ်ယူသွားတယ်ပေါ့။ ၂၈ရက်နေ့မှာ တွေ့တဲ့အလောင်းကတော့ ၂၉ရက်နေ့မှာ ဒေသခံတွေက မြေမြှုတ်လိုက်ကျတယ်ပေါ့။ အဲဒီအလောင်းက အမ်းချောင်းထဲမှာ မျောနေတဲ့ အခါမှာ အဲဒီချောင်းကို မှီခိုနေရတဲ့ ရေလုပ်သားတွေရှိတယ်။ အဲဒီရေလမ်းကြောင်းကို မှီခိုနေရတဲ့ ဒေသခံတွေ အဲဒီအလောင်းကို မြင်တွေ့တဲ့အခါ စိုးရိမ်စိတ်တွေ ထိတ်လန့်စေမှုတွေ မြင့်တက်နေတဲ့ အနေအထားမှာရှိတဲ့အခါ အဲဒီအလောင်းကို ဒေသခံတွေက မြေမြှုပ်လိုက်တယ်ပေါ့။ အလောင်း ၂လောင်းလုံးက လက်ကို နောက်ပြန်ကြိုးတုတ်ထားတယ်” ဟု ကိုမျိုးလွင်က ပြောဆိုသည်။
ကျေးရွာများတွင် လတ်တလော လူပျောက်မရှိသေးသည့်အတွက် အလောင်းများသည် ပိုင်ရှင်မရှိဘဲ မည်သူမည်ဝါဖြစ်သည်ကို မပြောနိုင်ကြောင်း၊ အလောင်းများသည် ပုတ်ပွနေသည့်အတွက် အလောင်းတွင် မည်သည့်ဒဏ်ရာဒဏ်ချက်များရှိသည်ကို သဲသဲကွဲကွဲ မမြင်ရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ ဒဏ်ရာတွေက ကျွန်တော်တို့သိရသလောက်ဆိုရင် ဒဏ်ရာက မသဲကွဲတော့ဘူး။ အဲဒီအလောင်းက ပုတ်ပွနေတဲ့ အနေအထားမှာဖြစ်နေတဲ့ အတွက်ကြောင့် မသဲကွဲတော့ဘူး။ နောက်ပြီးတော့ အဲဒီ အလောင်း ၂ လောင်းတွေ့တဲ့ နေရာဒေသ တစ်ဝိုက်က ကျေးရွာတွေကို ကျွန်တော်တို့ မေးမြန်းမှုတွေရှိတယ်ပေါ့။ ဒေသခံတွေက ကျေးရွာတွေမှာ ပျောက်ဆုံးနေတဲ့သူ မရှိဘူးလို့ပြောကျတယ်။ အဲလိုပျောက်ဆုံးတာမရှိတော့ အမည်မဖော်နိုင်တဲ့ အလောင်းတွေဖြစ်နေတယ်ပေါ့။ အဲဒီဒေသတွေမှာ ကျွန်တော်တို့ အဖွဲ့က လူတွေရှိတယ်ပေါ့။ ကျွန်တော်တို့ လူတွေက အဲဒီကျေးရွာတွေမှာရှိနေတယ်။ ကျွန်တော်တို့ လူတွေကိုယ်တိုင်က အဲဒီအလောင်းကို တွေ့ရှိခဲ့တဲ့လူတွေဖြစ်တယ်ပေါ့” ဟု ကိုမျိုးလွင်ကပြောဆိုသည်။
အဆိုပါ အလောင်း ၂လောင်းအား ချည်ထားသော ကြိုးများသည် ပုံစံတူများဖြစ်ပြီး အလောင်းတွေ့ရှိသော ချောင်းသည် တစ်ဆက်တည်းဖြစ်သည့်အတွက် အလောင်း ၂လောင်းသည် ဆက်စပ်မှုရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ အလောင်း ၂လောင်းလုံးကို ချည်ထားတဲ့ ကြိုးကလည်း ပုံစံတူနေတယ်ပေါ့။ ကျွန်တော် သုံးသပ်မိသလောက်ဆိုရင် ဒီအလောင်း ၂လောင်းက တစ်နေရာထဲမှာ ဖြစ်တာလား။ ဒီအလောင်း ၂လောင်းက ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မိတယ်။ ဒါပေမယ့် အလောင်း ၂လောင်းတွေ့တဲ့ နေရာတွေကတော့ တစ်နေရာနဲ့တစ်နေရာဝေးတယ်။ ၁ဝမိုင်လောက်တော့ဝေးတယ်ပေါ့။ ဒါပေမယ့် အလောင်း ၂လောင်းတွေ့တဲ့ ချောင်းကတော့ တဆက်တည်းပဲ မြောက်ဦးချောင်းက ထွက်တာနဲ့ အမ်းချောင်းကိုရောက်တယ်ပေါ့။ ချောင်းကတော့ တဆက်တည်းပေါ့” ဟု ကိုမျိုးလွင်ကပြောဆိုသည်။
အမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ယင်းဖြစ်စဉ်ကို အင်တာနက်ပေါ်တွင်တွေ့မြင်သည့်အတွက် သိရှိထားသော်လည်း အလောင်းပိုင်ရှင်မည်သူဆိုသည်ကို မသိရှိရသေးကြောင်း ဆက်လက် စုံစမ်းမေးမြန်းနေကြောင်းပြောဆိုသည်။
https://web.facebook.com/khitthitnews/posts/1025599061210773?__cft__[0]=AZXsxpPuLWhyZrvoql6XGn3anvYCPkSs2fkgsU6BrhmB9rWcQSlwOoTuwIBCaZcEg9E2EQiR_AsW3hRUSlGVCWKKhyxutY7lNQRVx00dHdWjagFh_3EAsZCpoK3zM0_snHSZSlPCU9XL9WREPpf_0FNrb2eMWSHHWiTx3Jw5eMjH843dyyAyStb-97usqsMWPis&__tn__=%2CO%2CP-R
No comments:
Post a Comment