ရခိုင်တွင် ဒေသခံများ ဖမ်းဆီးခံနေရ၊ ဖမ်းထားစဉ် တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် စက်တက်ဘာလ ၂၉ ရက်။
ရခိုင်ပြည်နယ်တွင် ဒေသခံရွာသားများဖမ်းဆီးခံနေရပြီး သေဆုံးသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ဒေသခံအမျိုးသားတစ်ဦးနှင့် မြောက်ဦးမြို့တို့မှာ ဒေသခံအမျိုးသား တစ်ဦးတို့အား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြောက်ဦးမြို့မှ တစ်ဦးမှာ သေဆုံးသွားသည် ဟု ဒေသခံများက ပြောသည်။
မြောက်ဦးမြို့က အသက် ၃၇ နှစ်အရွယ် ဦးအေးကျော်အား စက်တင်ဘာလ ၂၇ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းမှာ ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“သူက သုံးဘီးမောင်းတာပါ။ အခု အလောင်းကို စစ်ဆေးနေတယ်။ သူ့ရဲ့ ခေါင်းမှာ ဒဏ်ရာတွေတော့ မြင်တယ်။ တခြားသော သေချာမမြင်သေးဘူး။ ခေါင်းက ကွဲလည်းကွဲနေတယ်။ လက်ကိုလည်း ကြိုးနဲ့ တုတ်ထားတယ်။ ၂၇ ရက်နေ့က သူ့ကို နထင်ကျေးရွာဘက် ကို ခရီးသည်သွားပို့ရင်း တပ်က ဖမ်းသွားတယ်ပြောလို့ သွားမေး သေးတယ်။ အမှတ် ၃၇၇ တပ်ရင်းက ဖမ်းထားတယ်လို့ ပြောလို့ ကျနော်တို့က သွားမေးတာ သူတိ့ုက မဖမ်း ထားဘူးဆိုပြီးပြော လို့ ပြန်လာကြတာ။ ဒီ ၂၈ ရက်နေ့ကျတော့ ဆေးရုံက ဖုန်းဆက်လာတယ်။ အလောင်း ရောက်နေတယ်ဆိုပြီး တော့။ အခုတော့ သေသွားပြီဗျ။ သူက သုံးဘီးမောင်းပြီး မိသားစုကို လုပ်ကျွေးနေတာ။ သူ့မှ လသားအရွယ် ကလေးလည်းရှိတယ်။”
ဦးအေးကျော် သေဆုံးမှုမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာ စိန်က အတည်ပြုပြောသည်။ ဒေသခံပြည်သူများ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း၊ အသက်သေဆုံးရခြင်းနှင့် ပတ် သက်၍ ယခုဖြစ်စဉ်မှာ ဥပဒေမဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်းသည်ဟု ပြောသည်။
မြောက်ဦးမြို့နယ်က ဦးအေးကျော်သေဆုံးမှုနှင့် ပတ်သက်၍ “AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ် ကြီး အဆင့်ရှိသူတစ်ဦးအား စစ်ဆေးမှုများဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား၊ အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က စက်တင်ဘာလ ၂၉ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။
ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာမှ ဒေသခံရွာသား ဦးမောင်ပိန်အောင် လည်း တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
ထို့နေ့က ကျောက်ဂူစုကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းဝင်လာပြီး ကျေးရွာအတွင်းမှ အသက် ၃၆ နှစ် အရွယ် ဦးမောင်ပိန်အောင် နှင့် အသက် ၃၅ နှစ်အရွယ် ဦးစိန်ထွန်းဝင်း တို့အား နေရမှ ခေါ်ထုတ်ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ဦးအား လွှတ်ပေးခဲ့ပြီး တစ်ဦးကို တပ်မ တော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောသည်။
“အခု သူ့ကို ကျောက်တော်မြို့ပေါ်က တပ်ရင်းတစ်ခုမှာ ဖမ်းထားတယ် ဆိုတာပဲ သိတယ်။ သေချာမသိသေးဘူး။ သူ့ကိုဖမ်းသွားပြီးနောက် အိမ်ကို စစ်သားတွေ ထပ်လာသေးတယ်။ အိမ်က စပါးကျီကို ဝင်စစ်တယ်။ စပါးကျီ ထဲ ကို စစ်သားတစ်ယောက်ဝင်ရှာတယ်။ စပါးကျီကနေ မိုင်းတွေ့တယ်ဆိုပြီးပြောတယ်။ ပြီးတော့ မိုင်းကိုကိုင်ပြီး လည်း ဓါတ်ပုံရိုက်တယ်။ ကျမကိုလည်း သူတို့က ဖမ်းခေါ်သွားသေးတယ်။ ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ” ဟု ဖမ်း ဆီးခံထားရသူ ဦးမောင်ပိန်အောင် ၏ မိသားစုဝင် တစ်ဦးက ပြောသည်။
ဦးမောင်ပိန်အောင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေသူ သာမန်ရွာသားတစ်ဦးသာဖြစ်ကြောင်း၊ လက်နက် ကိုင်များနှင့် ပတ်သက်ခြင်း၊ ဆက်နွယ်ခြင်းမရှိကြောင်း ဒေသခံရွာသားများနှင့် ကျေးရွာအတွင်းက ရပ်မိရပ်ဖ များက ပြောသည်။
ကျောက်ဂူစုကျေးရွာသား ဦးမောင်ပိန်အောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားများအား အကြောင်းကြားထားသည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။
“ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာအတွင်း လုံခြုံရေးအရ ဝင်ရောက်ရှာဖွေစဉ် ကျောက်ဂူစုကျေးရွာနေ ဦးမောင်ပိန်အောင် ၃၆ နှစ် (ဘ) ဦးထွန်းအောင်၏ တယ်လီဖုန်းအား မသင်္ကာသဖြင့် စစ်ဆေးရာ တယ်လီဖုန်း အတွင်း ၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ထားသော အချက်အလက်များ အား တွေ့ရှိရ သဖြင့် ရပ်မိ၊ရပ်ဖများနှင့်အတူ ၎င်း၏ နေအိမ်နှင့်ပတ်ဝန်းကျင် အနီးတဝိုက်အား ရှာဖွေစစ်ဆေးရာ နေအိမ် အနောက်ဘက်ရှိ စပါးဂိုဒေါင်အတွင်းမှ စပါးခွံများဖြင့်ဖုံးအုပ်ထားသော အမြင့် ၅ လက်မ၊ အချင်း ၃ လက်မခန့်ရှိ ပလက်စတစ် ဗူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်နင်းမိုင်းတစ်လုံး (စနက်တပ်ဆင်လျက်)နှင့် ဝါးညှပ် နင်းမိုင်းတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ကျေးရွာသား ၁၀ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရပ်မိရပ်ဖများ၏ အာမခံချက်ဖြင့် နောက်တစ်ရက် တွင် ပြန်လွှတ်ပေးခဲ့သည်။
http://www.nmg-news.com/2020/09/29/12101
No comments:
Post a Comment