ပြည်မြို့တွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားသည့် ကျောင်းသား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်၊ မန္တလေးတွင် ဖမ်းဆီးခံကျောင်းသားများ၏ လက်ကိုင်ဖုန်းများကို ရဲက သိမ်းဆည်းစစ်ဆေး
ရန်ကုန်၊ စက်တင်ဘာ ၂၆
ပဲခူးတိုင်း ပြည်မြို့တွင် စစ်ဆန့်ကျင်ရေး စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့သည့် ကျောင်းသား ၃ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆို အမှုဖွင့်အရေးယူခံထားရကြောင်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင် ကပြောဆိုသည်။
“ မနေ့က မနက်ပိုင်းမှာ ပြည်မြို့ထဲက ကျောင်းသားဟောင်းတစ်ယောက်ကို ရခိုင်ကိစ္စနဲ့ ပတ်သက်တဲ့ စတစ်ကာ ကမ်ပိန်းမှာပါတယ်ဆိုပြီးတော့ ဝင်ပြီးတော့ဖမ်းသွားတယ်။ အဲလိုဖမ်းသွားပေမယ့် လူမှားဖမ်းတယ်ဆိုပြီးတော့ အဲကျောင်းသားကို ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်လာပြီးတော့ မနေ့ကပဲ ည ၈နာရီလောက်ကို ဒီရဲရန်နိုင်ဆိုတဲ့ ဥပဒေကျောင်းသားကိုပေါ့။ အဲဥပဒေကြောင်းသားသည် ကျွန်တော်တို့ သမဂ္ဂအဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့လည်း သက်ဆိုင်တဲ့သူမဟုတ်ဘူး။ ပါဝင်ခဲ့တာလည်းမရှိဘူး။ အဲတာကို သူ့ကို ည ၈နာရီခန့်မှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့က အဆောင်ကိုဝင်ရောက်ဖမ်းဆီးပြီးတော့ ပေါင်းတည်မြို့နယ် စခန်းအချုပ်မှာ အချုပ်ချထားတယ်။ သူ့ကို (ကိုရဲရန်နိုင်) သွားရောက်တွေ့ဆုံတဲ့ သူပြောဆိုချက်အရ ပေါင်းတည်မြို့နယ် ရဲစခန်းက ပြောဆိုချက်အရဆိုရင် ပြည်မြို့နယ် တရားသူကြီးကနေပြီးတော့ ကိုကျော်ရဲသူရယ် ကိုထက်အောင်ရယ်ကို ကိုရဲရန်နိုင်ကို ၅ဝ၅ (ခ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ၎င်းကပြောဆိုသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပေါင်းတည်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရသူ ၃ဦးမှာ ကိုထက်အောင် (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ၂)၊ ကိုကျော်ရဲသူ ( ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ )၊ ကိုရဲရန်နိုင် (ဥပဒေပညာ စတုတ္ထနှစ်၊ပြည်တက္ကသိုလ်)တို့ဖြစ်ပြီး ဖမ်းဆီးခံရမှုမရှိသေးသော် ကျောင်းသား ၂ဦးအနေဖြင့် ပြည်မြို့နယ် တရားရုံးသို့ လာမည့် ၂၈ရက်နေ့တွင် ရုံးချိန်းသို့ လာရောက်ခြင်းမရှိလျှင် ဝရမ်းထုတ်မည်ဟု ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြောဆိုချက်အရသိရသည်။
“ အခုလိုမျိုး လိုက်လံဖမ်းဆီးပြီး သူတို့ကို စွဲဆိုတဲ့ ပုဒ်မတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုပေါ့။ ကျွန်တော်တို့သည် ကြည်ညိုစရာမကောင်းတဲ့ နိုင်ငံတော်ကို ဘာတွေများကြည်ညိုနေရဦးမှာလဲ။ ပြီးရင် ကျွန်တော်တို့ အခုလုပ်တဲ့ ကမ်ပိန်းတွေသည် အမှန်တရားကို ချပြခြင်းသာဖြစ်တယ်။ ပြည်သူလူထုကို ထိခိုက်စေတာလည်းမဟုတ်ဘူး။ ဆူပူအောင် လုပ်နေတာလည်းမဟုတ်ဘူး။ ကျွန်တော်တို့သည် ကိုဗစ်ကာလမှာ ရခိုင်သည် ကိုဗစ်ကြောင့်တောင်မဟုတ်ဘူး။ စစ်ဘေးကြောင့်ပါ ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးတယ်။ အိုးမဲ့အိမ်မဲ့တွေဖြစ်တယ်။ ထွက်ပြေးရတာ ဒုက္ခတွေရောက်တယ်။ အဲဒီအတွက် ကျွန်တော်တို့က လူသားချင်းစာနာတဲ့ စိတ်နဲ့ တိုင်းရင်း သားညီကိုချင်း စာနာတဲ့ စိတ်နဲ့ ကျွန်တော်တို့က ပြည်တွင်းစစ်ရပ်စဲပေးဖို့ ကမ်ပိန်းတွေလုပ်တယ်။ အဲလို ကမ်ပိန်းတွေလုပ်တာကို စစ်တပ်ကို ထိတော့ အခုကျွန်တော်တို့ကို တရားစွဲတဲ့အခါမှာ စစ်တပ်အောက်က ပြည်ထဲရေး ရဲအပြင် ပုဒ်မ ၅ဝ၅ (ခ)နဲ့ စွဲတာသည် အစိုးရလက်အောက်က ထွေအုပ်တွေဖြစ်တဲ့အတွက် အစိုးရသည် စစ်တပ်နဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ကိုပါ ဖိနှိပ်နေခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ အနေနဲ့ ယူဆတယ်။ အစိုးရကလည်း ပြည်တွင်းစစ်ကို ကျွန်တော်တို့ ဆန့်ကျင်နေတာကို ကန့်ကွက်ပြီးတော့ သူတို့အနေနဲ့ ပြည်တွင်းစစ်ကို လိုလိုလားလား အစိုးရအနေနဲ့ ထောင်ခံနေတာလားလို့ ကျွန်တော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်ချင်တယ်” ဟု ကိုပိုင်ဖြိုးဇင်ကပြောဆိုသည်။
စစ်ဆန့်ကျင်ရေး ကမ်ပိန်းလှုပ်ရှားမှုကို ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင် စက်တင်ဘာလ ၁၅ရက်နေ့က ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပေါင်းတည်မြို့နယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတန်း စက်မှုလက်မှု သိပ္ပံကျောင်းသားများသမဂ္ဂများ ဦးဆောင်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးတွင် စစ်ဆန့်ကျင်ရေးနှင့် ရခိုင်တိုက်ပွဲများ ရပ်တန့်ရေး ဆန္ဒပြခဲ့သူ ကျောင်းသားများကို ဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးခံကျောင်းသားများ၏ လက်ကိုင်ဖုန်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
စက်တင်ဘာ(၂၅)ရက်နေ့က မန္တလေးတွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေသော ဗကသများအဖွဲ့ချုပ်၏ သက်မွေးပညာရပ်ဆိုင်ရာအတွင်းရေးမှူး ကိုစိုးလှနိုင်၊ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော် နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုရဲရင့်အောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးခံကျောင်းသား(၈)ဦး၊ တိမ်းရှောင်ကျောင် းသား(၂၀) ကျော်လာခဲ့ပြီ ဖြစ်ကြောင်း ဗကသအဖွဲ့ချုပ်ထံမှ သိရှိရသည်။
စက်တင်ဘာလ(၂၆)ရက်တွင် ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နှင့် ကိုရဲရင့်အောင်တို့၏ လက်ကိုင်ဖုန်းများကို အမှတ်(၆)ရဲစခန်းက dataစစ်ဆေးရန်ဟုဆိုကာ ယူဆောင်သွားကြောင်း သိရှိရသည်။
"လူတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထပ်မံချိုးဖောက်တာဖြစ်တယ်။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို တစ်ချိန်မှာ ခြိမ်းခြောက်ဖို့ သို့မဟုတ် တစ်နည်းနည်းနဲ့ မမှန်မကန်သုံးဖို့ ကြံစည်နေတယ်လို့ ယူဆပါတယ်" ဟု ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဌ(၁) ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုကြောင်း သိရှိရသည်။
ဖမ်းဆီးခံကျောင်းသားများ၏လက်ကိုင်ဖုန်းများကို တရားရုံးတွင် စစ်ဆေးပြီးမှ ပြန်လည်ထုတ်ယူရမည် ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း အဆိုပါ လက်ကိုင်ဖုန်းများသည် သက်သေခံပစ္စည်း မဟုတ်ကြောင်း၊ ရှာဖွေပုံစံဖြင့်လည်း သိမ်းဆည်းခြင်းမဟုတ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
https://www.facebook.com/khitthitnews/posts/1021538474950165?__cft__[0]=AZXafxTXOr0TSSOUk-cIAWfkY7thDD4A3QLsIOAdCvzD-AFeX9tIz8jMApfbAXD3ACOHC8CETP4PNja2QvTrSCQwzlNPV3orDw5h9iiWQqYy-l5fzhSa6XjdogrgBCAU1ueBfeFzCK0seifiKLhMiUIUMa6IQcR0QEcwuC7Tdb12d6vl548evkAls8sc5lUNW_E&__tn__=%2CO%2CP-R
No comments:
Post a Comment