စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှူးတွင် ကိုရိုနာရောဂါပိုးတွေ့ရှိရသဖြင့် စခန်းတစ်ခုလုံးကို Lock Down ချ
အိမ်စိုးဖြူ
နိရဉ္စရာ၊ သြဂုတ် ၂၈/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ်(၂) နယ်မြေခံ ရဲစခန်းမှ စခန်းမှူးတွင် ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့က ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယနေ့ နံနက်က စပြီး ၎င်းစခန်းတစ်ခုလုံးကို လော့ဒေါင်းချ ပိတ်ထား လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
စခန်းမှူးမှာ သြဂုတ်လ ၁၉ ရက်နေ့က စစ်တွေမြို့မှ မန္တလေးမြို့ချမ်းမြေ့သာဇံမြို့နယ်၌ အရာရှိသင်တန်းတစ်ခု သွားတက်ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လူနာအမှတ်မှာ (၅၈၇) အသက်(၄ဝ) နှစ် ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့အမှတ်(၂) နယ်မြေခံရဲစခန်းအား လော့ဒေါင်းချလိုက်ရပြီဖြစ်ကြောင်း စစ်တွေအမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးမှ နိရဉ္စရာသတင်းဌာနအား အတည်ပြု ပြောဆိုသည်။
“ ကျွန်တော်တို့ မနက်က စခန်းတစ်ခုလုံးကို လော့ဒေါင်းချလိုက်ပါပြီ။ အဲဒီက ရဲဝန်ထမ်းတွေ စောင့်ကြည့် ခံရပါမှာ။ အမှတ်(၂)စခန်းကို လာရောက်တိုင်တန်းမယ့်ဟာတွေက ကျွန်တော်တို့ အမှတ်(၁)ကိုဘဲ လာတိုင်ရပါမယ်။ ပိတ်ထားတဲ့စခန်းရှေ့မှာ စာလည်းကပ်ထားပေးပါတယ်”ဟု ၎င်းရဲအရာရှိကပြောသည်။
၎င်းရဲအရာရှိနှင့်အတူ စစ်တွေမြို့မှ အရာရှိ ၇ ဦးလည်း ၎င်းသင်တန်းတက်ရန် သွားရောက်ခဲ့သဖြင့် အဆိုပါ အရာရှိများအားလည်း ကွာရန်တင်းဝင်ခိုင်းထားကြောင်း၊ စစ်တွေအမှတ်(၂) ရဲစခန်းမှ ရဲဝန်ထမ်းများအနေဖြင့် စခန်းထဲတွင် ကွာရန်တင်းဝင်နေရကြောင်း စစ်တွေအမှတ်(၁)ရဲစခန်းရှိ ၎င်းရဲအရာရှိထံမှ သိရသည်။
----------------------------
Unicode -
အိမျစိုးဖွူ
နိရဉ်စရာ၊ သွဂုတျ ၂၈/၂ဝ၂ဝ
https://burmese.narinjara.com/news/detail/5f48d535870b5f3f5e97465c?fbclid=IwAR2fjhQPOQjy_lJiaKgLfAXJlf50ddHNYcvq3EshxyhG-dvunBy-47HcCt4
https://www.facebook.com/narinjara.info/posts/3546532878692097
No comments:
Post a Comment