ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တစ်နှစ်ကျော်ကြာ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခံထားရသော မြို့နယ်ရှစ်ခုလုံး၌ အင်တာနက်ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
ဝန်ကြီးဌာနအနေဖြင့် အင်တာနက်ဖြတ်တောက်ခြင်းကို သုံးလတစ်ကြိမ်သက်တမ်းတိုးလေ့ရှိပြီး ယခုအကြိမ်တွင် သက်တမ်းတိုးမှုမပြုလုပ်တော့ဘဲ ပြန်လည်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက မြန်မာတိုင်းမ်ကို ပြောသည်။
“သုံးလ၊ သုံးလစီ သက်တမ်းတိုးခဲ့တယ်။ မေလတုန်းက သုံးလပိတ်တယ်။ အခုသုံးလပြည့်တော့ ထပ်မတိုးတော့ဘဲ ပြန်ဖွင့်ပေးလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်ခုတွင် သြဂုတ် ၁ ရက် ညပိုင်း၌ အင်တာနက်လိုင်းများ ပြန်ပွင့်လာသော်လည်း အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း ရခိုင်ဒေသခံများက ဆိုသည်။
တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အင်တာနက်အသုံးပြုနိုင်သည့် အမှတ်အသားများ ဖုန်းများ၌ ပေါ်လာသော်လည်း အဆင်ပြေပြေအသုံးပြုနိုင်ရန် လိုင်းမကောင်းကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
“အင်တာနက်တွေတော့ ပြန်ပွင့်လာတယ်။ ဒါပေမဲ့ လိုင်းမကောင်းဘူး။ သုံးကြည့်တာ ဘာမှပွင့်မလာဘူး” ဟု ၎င်းက ပြောသည်။
အစိုးရအနေဖြင့် အင်တာနက်များပြန်ဖွင့်ပေးလိုက်သော်လည်း အကြမ်းဖက်သမားများ၏ အသုံးချခံနိုင်ရမှု အခြေအနေများကိုပါ ထည့်သွင်းတွက်ချက်နေရခြင်းကြောင့် ထိုဒေသမှဒေသခံများအနေဖြင့် အင်တာနက်ကို အကန့်အသတ်ဖြင့်သာ အသုံးချနိုင်ဦးမည်ဖြစ်ကြောင်း ဦးမျိုးဆွေက ပြောသည်။
“မြန်မြန်ဆန်ဆန်အသုံးမပြုနိုင်တာတောင်မှ သုံးစွဲသူတွေအတွက် အဆင်ပြေနိုင်အောင်လုပ်ရတယ်။ တခြားတစ်ဖက်မှာ ဆက်သွယ်ရေးကွန်ရက်တွေသုံးပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေကနေ အဖျက်အမှောင့်လုပ်ငန်းတွေလုပ်လာနိုင်တာကို ပြန်ချိန်ဆရတယ်။ ပြည်သူလူထုလည်း အထိုက်အလျောက် အဆင်ပြေစေ၊ အကြမ်းဖက်သမားတွေလည်း မလုပ်နိင်အောင် ကြားထဲက ချိန်ဆပြီးအင်တာနက်ပြန်ဖွင့်ပေးထားတာပါ” ဟု ၎င်းက ပြောသည်။
အစိုးရက ၂၀၁၉ ခုနှစ် ဇွန် ၁၉ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့၌ အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခဲ့သည်။
မေ ၃ ရက်၌ မြို့နယ်ကိုးမြိုနယ်အနက်မှ မောင်တောမြို့နယ်ကို နယ်မြေလုံခြုံစိတ်ချရပြီဟုဆိုကာ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးခဲ့သည်။
အင်တာနက်ကိုအသုံးပြု၍ လူမှုကွန်ရက်များမှတစ်ဆင့် အကြမ်းဖက်အဖွဲ့အစည်းများက လူသစ်စုဆောင်းခြင်းများ၊ တိုက်ခိုက်မှုများအတွက် ဆက်သွယ်မှုများပြုလုပ်နေခြင်းကြောင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ပြောဆိုခဲ့သည်။
https://myanmar.mmtimes.com/news/142044.html
https://myanmar.mmtimes.com/news/142044.html
No comments:
Post a Comment