ကိုဗစ်ကူးစက်မှု မြင့်မားချိန် ကျောက်တော်တွင် ယနေ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံး၊ ရသေ့တောင်တွင်မူ တိုက်ပွဲဖြစ်ပွား၍ တစ်ဦးဒဏ်ရာရ
ရန်ကုန်၊ သြဂုတ် ၃၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာနေချိန် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ကျေးရွာသားတစ်ဦး သေဆုံးပြီး ရသေ့တောင်မြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွား၍ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၃နာရီခွဲခန့်အချိန် ကျောက်ဂူစု ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကျေးရွာသားတစ်ဦးဝမ်းဗိုက်ကျည်ဆံထိမှန်ကာ သေဆုံးသွားကြောင်း ကျေးရွာသား တစ်ဦးကို ကိုးကား၍ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC က သတင်းထုတ်ပြန်သည်။
ကျောက်ဂူစုကျေးရွာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ဦးစံသာအောင်၊ အသက် (၃၉) နှစ်ခန့်၊ (ဘ) ဦးထွန်းအောင်ဖြစ်ပြီး ကွမ်းခြံကလာစဉ် ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ၊၎င်းကျေးရွာအနီးရှိ သာစည်ကျေးရွာတွင်လည်း ကျေးရွာသား လူကြီး/လူငယ် /ကိုယ်ဝန်ဆောင်အပါအဝင် ၁၂၀ ဦးကို ခေါ်ဆောင်သွားကာ ရွှေပြည်ရွာ ရွှေပြည်ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း REC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်တော်မြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးမောင်သန်းစိန်ကမူ သေနတ်သံများနှင့် ပစ်ခတ်သံများကြားနေရသော်လည်း သေဆုံးမှု သတင်းနှင့်ပတ်သက်ပြီး မသိရှိရသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ ယနေ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူမြစ်အတွင်း တပ်မတော်ရေနှင့် AA တို့ကြား ယနေ့ နံနက် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်ရာက စေတီပြင်ကျေးရွာသားတစ်ဦးကို ကျည်ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။
“ ဟုတ်တယ် (ကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရတာ)။ ဇက် ရေယာဉ်က ပစ်တယ်ပြောတာပဲ တိုက်ပွဲလည်း ဖြစ်ခဲ့တယ်။ ၂၅ မိနစ်လောက် နှစ်ဖက် ကုန်းတပ်ခြင်း ဖြစ်တာမဟုတ်ဘူး။ ရေတပ်ကို ကမ်းပေါ်က ပစ်တော့ အဲဒီ ရေယာဉ်ကလည်း ပြန်ပစ်တယ် အဲလို ကုန်းနဲ့ ရေနဲ့ ပစ်ကျတာ အဲလိုအပြန်အလှန်ပစ်ရင်းနဲ့ သွားထိတာပေါ့” ဟု ၎င်းကပြောဆိုသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူသည် အသက် ၁၇နှစ်အရွယ် မောင်ဆန်းနိုင်ဖြိုးဆိုသူဖြစ်ပြီး ဘယ်ဖက်ခြေထောက် ခြေဖမိုးအား ကျည်ဖောက်ဝင်သွားခြင်းသွားပြီး လက်ရှိချိန်တွင် စေတီပြင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးခင်မောင်လတ်ကပြောဆိုသည်။
“ သူ့ကို အခုတော့ စေတီပြင်က တိုက်နယ်ဆေးရုံရှိတယ်။ အဲဒီမှာ အဲဒီမှာပဲ တင်ထားတယ်။ ဘယ်ခြေထောက် ခြေဖမိုးကို ထိတယ်လို့တော့ ပြောတာပဲ ကျည်ထိတဲ့သူက အသက် ၁၇နှစ် ၁၈နှစ်လောက်ရှိပြီ အမည်က မောင်ဆန်းနိုင်ဖြိုး တိုက်ပွဲကတော့ ၂၅ မိနစ်လောက်ပဲကြာတယ်လို့ပြောတယ်။ ဒါပေမယ့် လက်နက်ကြီး အသံတွေတော့ ကြားရတယ်လို့ပြောတယ်။ အဲတာ ၂ရက် ၃ရက်ရှိပြီလို့ပြောတယ်” ဟု ၎င်းကပြောဆိုသည်။
ရသေ့တောင်မြို့နယ်တွင် သြဂုတ်လ ၂၉ရက်နေ့ကလည်း ငစံဘော်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သောကြောင့် ဒေသခံ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်နှင့် AA ကြား မိနစ်ပိုင်းခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
https://www.facebook.com/khitthitnews/posts/999792527124760?__cft__[0]=AZV3dqq2NM9uG1slBfhuwx-LSY4pH4eEyHEPGrTnSuKduKw37G-38F-kUOAgifBQeombdEScyraVjQ3seB0H9sAZfZ_mKY5GgsfWGqPTphN3QykM9ZY0eUmzYtHd5hjCjtFEib95hMiyHmpmnornoIBKNTy7fvwwOK1TqgpRdGm5IQ&__tn__=%2CO%2CP-R
No comments:
Post a Comment