Monday, August 31, 2020

ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သား ၃ ဦးက ၀ိုင်းရိုက်ပြီး "အလောင်း ဖျောက်လို့ရတယ်" ဟု ခြိမ်းခြောက်မှု ငွေ ၃ သိန်းဖြင့် ကျေအေးရန်ကြိုးပမ်း၊ သမ္မတရုံးတိုင်မည်ဟုဆို

ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သား ၃ ဦးက ၀ိုင်းရိုက်ပြီး "အလောင်း ဖျောက်လို့ရတယ်" ဟု ခြိမ်းခြောက်မှု ငွေ ၃ သိန်းဖြင့် ကျေအေးရန်ကြိုးပမ်း၊ သမ္မတရုံးတိုင်မည်ဟုဆို
By ရန်ကုန်ခေတ်သစ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားလည်းဖြစ်၊ ကျောင်းသားများသမဂ္ဂ (ကျောက်ဖြူပညာရေး ကောလိပ်) အဖွဲ့ဝင်လည်းဖြစ်သူ ကိုညီညီစိုး (DTEd-23/18)ဝိဇ္ဇာတန်းခွဲA1 သည် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ ဟင်းရွင်ဆည်ဘေး၌ ထိုင်နေစဥ်တွင် တပ်မတော် တပ်ရင်း ၇၅၇ မှ အရက်မူးနေသော တပ်မတော်သား သုံးဦးက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး '' မင်းကို အလောင်းဖျောက်ပစ်လိုက်လို့ ရတယ်'' ဟူ၍ လည်း ခြိမ်းခြောက်ခဲ့ကြသည်။
ကိုညီညီစိုးကို စစ်သား ၃ ဦးက ၀ိုင်းရိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားများ သမဂ္ဂ(ကျောက်ဖြူ ပညာရေးကောလိပ်) က ဩဂုတ်လ ၂၉ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုရန်ပိုင်စိုးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ကိုညီညီစိုးကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေနဲ့ ဖြစ်စဉ် အသေးစိတ်ကို ပြန်ပြောပေးပါလား။
ဖြေ။ ။ ဩဂုတ်လ ၂၈ ရက်နေ့က သူ့အိမ်နဲ့ ရန်ဖြစ်ပြီး သွားမိသွားရာ လျှောက်သွားတယ်လို့ ပြောပါတယ်။ လျှောက်သွားပြီးတော့ ဟင်းရွင်ဆည်ဘေးနားမှာ ထိုင်နေတယ်ပေါ့။ အဲဒီနားမှာ ၇၅၇ တပ်ရင်းရှိတယ်ပေါ့။ အဲဒီမှာ စစ်သား ၃ ဦးက မူးပြီးတော့ ရောက်လာပါတယ်။ ရောက်လာတဲ့အခါကျတော့ သူ့ကို ဘယ်ကလဲလို့ မေးပါတယ်။ သူကလည်း ရွာထဲကလို့ ပြောပါတယ်။ ရွာထဲကလို့ ပြောပါတယ်။
အဲဒီအခါ သူတို့က ဆက်ပြီးတော့ မေးပါတယ်။ ဒီကို ဘာလုပ်ဖို့ လာတာလဲပေါ့။ သူကလည်း စိတ်ညစ်လို့ တစ်ယောက်တည်းလျှောက်လာရင်း ရောက်လာတယ်ပေါ့။ အဲဒီလို ဖြေပါတယ်။ တပ်ထဲမှာလည်း သူနဲ့ သိတဲ့သူတွေရှိပါတယ်လို့ ပြောပါတယ်။ သူက အဲဒီလို ဖြေပြီးတဲ့အခါမှာ သွားပါတော့မယ်လို့ ပြောပါတယ်။ ပြောတဲ့အခါမှာ သူတို့အနေနဲ့ မသွားခိုင်းဘဲနဲ့ မင်းမပြန်ရဘူးလို့ ပြောပါတယ်။ အဲဒီလိုပြောတဲ့အခါမှာ သူက တစ်ယောက်တည်းပဲ ပြန်မယ်ဆိုပြီးတော့ ပြန်ဖို့ လုပ်တဲ့အခါမှာ သူ့ကို ခြုံပုတ်ထဲကို ခေါ်ပြီးတော့ ရိုက်ပါတယ်လို့ ပြောပါတယ်။
မေး။ ။ အရက်မူးပြီးရိုက်တယ်ဆိုတဲ့ စစ်သား ၃ ဦးက ယူနီဖောင်းနဲ့လား၊ လက်နက်တွေ ဘာတွေကော ပါသေးလား။
ဖြေ။ ။ ယူနီဖောင်းနဲ့မဟုတ်ပါဘူး။ အရပ်ဝတ်နဲ့လို့ ပြောပါတယ်။ လက်နက်တွေ ဘာတွေ ပါလားဆိုတာတော့ သေချာမသိပါဘူး။ သူပြောတာက ရိုက်တယ်ပေါ့။ ရိုက်ပြီးသွားတဲ့အခါမှာ သူ့ကို စစ်သားတစ်ယောက်က မင်းကို အလောင်းဖျောက်ပစ်လိုက်လို့ရတယ်လို့ အဲဒီလိုပြောတယ်လို့ ပြောပါတယ်။
မေး။ ။ ကိုညီညီစိုးက စစ်သား ၃ ဦးက ၀ိုင်းရိုက်တော့ ဘယ်လို ဖြစ်သွားလဲ။ ဒဏ်ရာရရှိမှုအပိုင်းက။
ဖြေ။ ။ သူက မျက်နှာတွေမှာ ဖူးရောင်သွားပါတယ်။ ကျန်းမာရေးကတော့ ပုံမှန်အတိုင်းမဟုတ်ပေမယ့် ကောင်းနေပါပြီ။ မျက်နှာတွေ ထိုးကြိတ်ခံရတဲ့ဒဏ်ရာတွေ၊ ခြေထောက်ဘာတွေ ပိတ်ကန်ထားခံရတဲ့ဒဏ်ရာတွေ။ ကိုယ်ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေတော့ရှိပါတယ်။
မေး။ ။ အဲဒီတော့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲက ဘာတွေ ဆက်ဖြစ်လဲ။
ဖြေ။ ။ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်တပ်ကနေ သူ့အိမ်ကို ရောက်လာတယ်လို့ ပြောပါတယ်။ စစ်တပ်က ရောက်လာပြီးတော့ သူ့ကို ၃ သိန်းပေးမယ်လို့ ပြောပါတယ်။ ၃ သိန်းပေးတယ်။ ကိုညီညီစိုးအနေနဲ့က လက်မခံဘဲနဲ့ လက်မှတ်လည်း မထိုးလိုက်ပါဘူး။ ပြီးတော့ စစ်တပ်က ရောက်လာပြီးတော့ ကိုညီညီစိုးဖုန်းကို ကလိတယ်လို့ပြောပါတယ်။ အကောင့်တွေကို အတင်းအပ်ခိုင်းတယ်လို့ ပြောပါတယ်။ အဲဒီလို ပုံစံမျိုးရှိပါတယ်။ ကိုညီညီစိုးအနေနဲ့ ဩဂုတ်လ ၃၀ ရက်နေ့ည ၈ နာရီခွဲလောက်မှာ ကျနော့်ကို ဖုန်းဆက်ပြီးတော့ ပြောထားတာရှိပါတယ်။ အဲဒါက သူ့အကောင့်ကို ဟက်ခံထားရတယ်ပေါ့။ သူ့အကောင့်ကို သုံးလို့မရတော့ဘူး။ ဟက်ခံထားရတယ်လို့ ပြောပါတယ်။
မေး။ ။ ကိုညီညီစိုးအိမ်ကို ရောက်လာတဲ့ စစ်တပ်က ဘယ်တပ်ရင်းလဲ။
ဖြေ။ ။ သူနဲ့ဖြစ်တဲ့ ၇၅၇ တပ်ရင်းကလို့ သိရပါတယ်။
မေး။ ။ ကိုညီညီစိုး အရိုက်ခံရမှုအတွက် ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တရားမျှတမှုအတွက် ဆောင်ရွက်မယ်လို့ ကြေညာချက်လည်း ထုတ်ပြန်ထားတာတွေ့ပါတယ်။ ဘာတွေ ဆက်လုပ်မှာပါလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့က စာတင်ဖို့ လုပ်ထားပါတယ်။ သမ္မတရုံးကို စာတင်ဖို့ လုပ်ထားပါတယ်။
မေး။ ။ အရိုက်ခံရတယ်။ နောက်ပြီး အလောင်းဖျောက်လိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံရတယ်။ အဲဒီအတွက် ဥပဒေကြောင်းအရ အမှုဖွင့်ဖို့ ရှိပါသလား။
ဖြေ။ ။ အဲဒါက မရှိသေးပါဘူး။ မဖွင့်ထားပါဘူး။
မေး။ ။ သဘောထားအမြင်သိချင်ပါတယ်။ ကိုညီညီစိုးကိစ္စနဲ့ပတ်သက်လို့။
ဖြေ။ ။ ဒါကတော့ မလုပ်သင့်တဲ့ကိစ္စပါ။ ပြည်သူတစ်ယောက်ကို အဲဒီလိုမျိုး အသက်အန္တရာယ်ခြိမ်းခြောက်တာက မဖြစ်သင့်တာပါ။ ကျနော်တို့အနေနဲ့လည်း အပြင်းအထန်ရှုတ်ချပါတယ်။ ဒါကတော့ မတရားခံရတာပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတစ်ယောက်ကို စစ်တပ်က အဲဒီလို လုပ်ခြင်းအားဖြင့် လူမဆန်တဲ့ လုပ်ရပ် လို့ ထင်ပါတယ်။ ဒါက လုံး၀ မဖြစ်သင့်ပါဘူး။ လူထုနဲ့ စစ်တပ်ဆိုတာ အဲဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။
တကယ်လို့ ပြည်သူတွေ ထိခိုက်မယ်ဆိုရင်တောင်မှ စစ်တပ်က ပြည်သူကို ကာကွယ်ပေးရမှာပါ။ အဲဒီလိုမျိုးလုပ်တယ်ဆိုတာက တကယ့်ကို လူမဆန်တဲ့လုပ်ရပ်ပါပဲ။ ကိုညီညီစိုးအနေနဲ့က သူ့ကို ရိုက်နှက်သွားတဲ့ စစ်သား ၃ ဦးကိုလည်း သူက မှတ်မိပါတယ်။
မေး။ ။ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂအနေနဲ့ အခုလို ဖြစ်စဉ်မျိုးတွေ အရပ်သားတွေကို စစ်တပ်က နှိပ်စက်တဲ့ဖြစ်စဉ်မျိုးမဖြစ်အောင် ဘယ်လိုလုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒီကိစ္စကို ဒီတစ်ခေါက်မှာ ဒါမျိုးဖြစ်တယ်ပေါ့။ နောက်တစ်ခေါက်မှာ ဒါမျိုးမဖြစ်အောင် ကျနော်တို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ဒီဖြစ်တဲ့ကိစ္စအပေါ်မှာ တရားမျှတမှုရတဲ့အထိ ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ တစ်ဆင့်ချင်းလုပ်ဆောင်သွားမှာပါ။ ဆက်လက် လုပ်ဆောင်သွားမှာပါ။ တရားမျှတမှုရတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာပါ။
(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်၊ အမ်းတပ်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများသည် ဩဂုတ် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် တားမြစ်နယ်မြေ ဖြစ်သည့် ဟင်းရွက်ဆည်ဝင်ပေါက်လမ်းအနီး အရပ်သားတစ်ဦးအားတွေ့ရှိရသဖြင့် မေးမြန်းခဲ့ရာ ၎င်းသည် အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာနေ မောင်ညီညီစိုး (ဘ) ဦးညီစိန် ဖြစ်ကြောင်းသိရှိရပြီး တားမြစ်နယ်မြေဖြစ်၍ လာရောက်ခြင်းမပြုရန်ပြောဆိုရာမှ မောင်ညီညီစိုး၏ အမူအရာအရ နားလည်မှုလွဲကာ အပြန်အလှန်စကားများခဲ့ပြီး ခိုက်ရန်ဖြစ်ပွားသဖြင့် မောင်ညီညီစိုး၏ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်အား တပ်ရင်းမှတာဝန်ရှိသူများကသိရှိခဲ့ပြီး မောင်ညီညီစိုး နှင့် မိဘများ၊ ရပ်မိရပ်ဖများအားတွေ့ဆုံ၍ တောင်းပန်စကားပြောကြားပြီး ဆေးဝါးကုသနိုင်ရန် ပထမအကြိမ် ငွေကျပ် ၃ဝ၀၀၀ အား လည်းကောင်း၊ သြဂုတ် ၂၉ ရက်တွင် ထပ်မံ၍ ငွေကျပ် ၃၀၀၀၀၀ အားလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီး လူငယ်သဘောသဘာဝအရ အချင်းချင်းနားလည်မှုလွဲမှားကာ အချင်းများမှုဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သောစစ်သည်အားလည်း စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် တားမြစ်နယ်မြေဖြစ်၍ နောင်ဝင်ရောက်မှုမရှိစေရေး ပြောဆိုကာ နှစ်ဦးနှစ်ဖက် နားလည်မှုရရှိကျေအေးခဲ့ပြီးဖြစ်ကြောင်း၊အဆိုပါဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မိသည့် စစ်သည်အား စစ်စည်းကမ်းနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။)
https://www.facebook.com/khitthitnews/posts/999479070489439?__cft__[0]=AZXbBHoGi2r1IBqRYr_AEG8vljo3H3vpRWSKHRVd5HgbWItgtVQws0saBaVB7SW2pPCP82VSuusZbJQsJ9F3WYNCYJfe3FVrM22J2LKbiHMNRyY27pgaGlJLv03yg7a_QHfgV8MZzpnbitehbE0JsI-dWlqGZrioE6zCI_jS8CEPdw&__tn__=%2CO%2CP-R

No comments:

Post a Comment