ကိုဗစ်ကာလ မင်းပြားစစ်ဘေးရှောင်စခန်းများ ရိက္ခာပြတ်လပ်
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ သြဂုတ် ၂၇/၂ဝ၂ဝ
ကိုဗစ်ကာလအတွင်း မင်းပြားမြို့နယ်ရှိ စစ်ပြေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်မှု ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ မနေ့ မနက်လောက်က စပြီး စခန်းတွေမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အဝင်အထွက်တွေကို စစ်ဆေးဖို့ ဖြစ်နေတဲ့ အချိန်မှာ တစ်ဖက်မှာလည်း ရိက္ခာ အလုံအလောက်မရှိဘူး။ အခက်အခဲ ဖြစ်နေကြတယ်လို့ ကျွန်တော်ဆီကို အကြောင်းကြားပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဓိက အခက်အခဲဖြစ်နေကြသည့် စစ်ပြေးရှောင်စခန်းမှာ မင်းပြားမြို့ပေါ်မှ ပုညာရာမကျောင်း၊ သည်ကံ၊ ဝါးတောင်၊ ပန်းမြောင်းစခန်းတို့တွင် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားသည်။
“ အစိုးရအဖွဲ့ရဲ့ ဘေးဒုက္ခထောက်ပံ့ကူညီတဲ့ အဖွဲ့ကလည်း လစဉ် ထောက်ပံ့မှုတွေ ပုံမှန် မရှိဘူးလို့လည်း သူတို့က ပြောကြပါတယ်။ ဆန်က လုံးဝပြတ်နေတယ်လို့ သူတို့ပြောကြပါတယ်။ ကျွန်တော် မနေ့က မနက်မှာလည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီးတော့ ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့မှာ ဆန်တွေ ဘာတွေ ရှိလားလို့ မေးတော့ တစ်စုံတစ်ရာ ပြန်ပြောတာတော့ မရှိဘူး။ ကျွန်တော်တို့က မြို့ပေါ်မှာ ဆန်အလှူခံရမလားဆိုပြီးမေးတော့လည်း တစ်စုံတစ်ရာ အဖြေမပေးဘူး။ မြို့ပေါ်မှာ အလှူခံမယ်ဆိုရင်လည်း ခွင့်ပြုချက် မပါရင် ပြဿနာဖြစ်နိုင်တယ်” ဟု ဦးလှသိန်းအောင်က ပြောဆိုသည်။
မင်းပြားမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများမှာ မြို့ပေါ်တွင်၂ခုနှင့် သည်ကံ၊ နရမ်း၊ အမ်းသား၊ ပန်းမြောင်း၊ ဝါးတောင် စသဖြင့် (၇) ခုလောက်ရှိကြောင်း၊ လူဦးရေ နှစ်ထောင်ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ရိက္ခာပြတ်လပ်နေမှုနှင့် ပတ်သက်ပြီး သည်ကံစခန်းတာဝန်ခံ ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ ကူညီနေကျ အန်ဂျီအိုများမှ ဆန်အကူအညီ မရသည်မှာ တစ်လခန့်ရှိနေပြီ ဖြစ်ကြောင်း၊ လူမှုရေး အဖွဲ့အစည်းများမှာလည်း ကိုဗစ်ရောဂါကြောင့် အကူအညီ ပေးရန် မလာရောက်ကြတော့၍ ဆန်လုံးဝ ပြတ်လပ်မည့် အနေအထားသို့ ရောက်ရှိနေကြောင်း ပြောကြားသည်။
“ စစ်ဘေးရှောင်မှာ လူဦးရေက ၁၁ဝ၃ ဦးရှိပါတယ်။ ဖားပြိုရယ်၊ စိတ္တရရယ်။ သလူချောင်းရယ်။ အိုးပုံတောင်ရယ်၊ လက်ခုတ်ရယ်၊ ပြိုင်းချောင်း အဲဒီရွာတွေက လာကြတဲ့သူတွေပါ။ အခု လက်ရှိ အနေအထားကဆိုရင် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ (WFP) က အရင်က ဆန်တွေ၊ ပဲတွေ၊ ဆီ၊ ဆားစတဲ့ ရိက္ခာတွေ ပံ့ပိုးတယ်လေ။ လွန်ခဲ့တဲ့ ၇ လပိုင်း ၁၄ ရက်နေ့က သူတို့ ကူညီပြီးတော့ အခုလမှာ ၂၇ ရက်ရှိနေပြီ။ တစ်လကျော်နေပြီ။ ရိက္ခာတွေက မလာသေးဘူး။ အခု ရိက္ခာပြတ်တောက်နေပြီ။ ဒီနေ့ ထိ ရိက္ခာ မလာတော့ စခန်းနေပြည်သူတွေက တအားကြီး ဒုက္ခဖြစ်ပြီး တအားကြီးစိတ်ညစ်နေကြရပါတယ်”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
နောက်တစ်ရက်နှစ်ရက်အတွင်း ရိက္ခာမရောက်ပါက အခက်အခဲများ ကျရောက်နိုင်ကြောင်း၊ မြို့နယ်သို့ တင်ပြရမည်လား၊ မည်သို့ဆောင်ရွက်ရမည်ကို ဝေခွဲမရ ဖြစ်နေကြောင်း၊ ပရဟိတ အဖွဲ့များလည်း ကိုဗစ်ရောဂါကြောင့် လာရောက်ရန် အခက်အခဲဖြစ်နေကြရကြောင်း၊ လူတိုင်း စိတ်ဒုက္ခရောက်နေကြကြောင်း ပြောဆိုသည်။
မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ နံနက် ၁၀ နာရီက ဆက်သွယ်ရာ ဖုန်းကိုင်သူက အုပ်ချုပ်ရေးမှူး အစည်းအဝေးလုပ်နေသည်ဟု ဆိုကာ ဖုန်းချသွားခဲ့သဖြင့် မြို့နယ် အာဏာပိုင်များဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
----------------------------------------
Unicode -
နိရဉ်စရာ၊ သွဂုတျ ၂၇/၂ဝ၂ဝ
https://burmese.narinjara.com/news/detail/5f473b966b0685511da98907
https://www.facebook.com/narinjara.info/posts/3542415475770504
No comments:
Post a Comment