Tuesday, July 28, 2020

ကရင်အမျိုးသမီးသတ်ခံရမှု ဒေသခံတွေ ဆန္ဒပြ

ကရင်ပြည်နယ်မှာ ဒီလထဲ ဒေသခံအမျိုးသမီး တစ် ဦးကို တပ်မတော်သား နှစ် ဦးက ပစ္စည်းလုယူ သတ်ဖြတ်ခဲ့တာ အပါအဝင် စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေကို ဒေသခံထောင်နဲ့ချီ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသမီးသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆန္ဒပြနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Salween Peace - ဇူလိုင် ၂၈၊ ၂၀၂၀)
ဒီလထဲမှာပဲ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှာ အမျိုးသမီး တစ် ဦးကို တပ်မတော် သားနှစ်ဦးက ပစ္စည်းလုယက်ခါ သေနတ်နဲ့ ပစ်သတ်ခဲ့တာအပါအဝင် မကြာသေးခင် လတွေအတွင်း ဒေသခံတွေ တပ်မတော်သားတွေ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံ အရပ်သားတွေ သေဆုံးမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ရွာပေါင်း ၁၁၄ ရွာက ဒေသခံ ၄,၆၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြကြောင်းလည်း ဆန္ဒပြပွဲ စီစဉ်သူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ စောဘီကတော့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ကန့်ကွက်ဖို့နဲ့ တပ်မတော်က ဒေသတွင်းမှာ အခြေစိုက်ထားတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တာလို့ ပြောပါတယ်။

"ကျနော်တို့ ပြည်သူလူထုတွေပေါ့နော်။ တပ်မတော်အပေါ် အယုံအကြည်မရှိဘူး။ သူတို့ သွားလာလှုပ်ရှားတာ ပြည်သူအန္တရာယ် လူခြုံမှု မရှိဘူး။ တပ်မတော်စစ်စခန်းတွေ ပြည်သူလူထုရှိတဲ့နေရာဒေသတဝိုက်မှာမရှိစေချင်ဘူးပေါ့။ ပြည်သူက မကျေနပ်ဘူး။ ပြည်သူကိုနောက်မထိဖို့အတွက် ပြည်သူတွေနေရာနဲ့ နီးနေတဲ့ တပ်တွေကို မရှိပေးဖို့တောင်းဆိုတာပါ။ ဒီလိုတပ်တွေရှိနေတာက ပြည်သူတွက်လုံခြံမှု မရှိဘူး။ ဘဝအာမခံချက်မရှိဘူး။"
ဒီနှစ် ဇန်နဝါရီလကစလို့ တပ်မတော်သားတချို့ရဲ့ လက်ချက်ကြောင့် ကရင်ပြည်နယ်တွင်းမှာ သေဆုံးတဲ့ အရပ်သား ငါး ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း ဆန္ဒပြသူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလ ၁၆ ရက်နေ့က တပ်မတော်သား ၂ ဦးရဲ့ ပစ္စည်းလုယက် သတ်ဖြတ်မှုအတွက် တပ်မတော်က အရေးယူဖို့ ပြောဆိုထားပေမဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လည်း ဒေသခံတွေက လိုလားနေကြတာပါ။
"လောလောဆယ်ကျနော်တို့ဘက်က လုံးဝမသိရဘူး။ သိချင်တာပေါ့နော်။ လောလောဆယ်ကတော့ ဘယ်လိုပြောပြော သူတို့ပေးကြည့်မှာ မဟုတ်ဘူး။ အရေးယူမယ်ဆိုတာပြောတယ်။ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တာကျတော့ မတော်တဆ ဖြစ်သလိုပြောထားတယ်။ မဟုတ်တာတွေ ပြောတယ်။ မတော်တဆဆိုတာမျိုးပေါ့။ သေနတ်က မပစ်ဘဲ သူ့ဘာသာထွက်တာမျိုးပြောတယ်။"
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ ဒီလ ၁၆ ရက်နေ့က လုယက်သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်သည် နှစ် ဦးကို ဖမ်းဆီးထားပြီး စစ်တရားရုံး စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ တာဝန်ပေါ့လျော့ခဲ့တဲ့ စခန်းက တာဝန်ရှိသူတွေကိုလည်း ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

No comments:

Post a Comment