ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသွားအလာတွေ ပိတ်ဆို့နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ယာဉ်အသွားအလာတွေပါ ပိတ်ဆို့ကုန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာပဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ မြောက်ဦးမြို့နဲ့ အုတ်ဖိုကန်ရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေကိုတော့ အုတ်ဖိုကန်ရွာသား တဦးက အခုလို ပြောပြပါတယ်။
“မနက်မိုးလင်းခါစကစဖြစ်တာ။ တောင်ဖြူတဝိုက်မှာ။ မြောက်ဦးနဲ့ အုတ်ဖိုကန်ကြားစဖြစ်တာ။ တိုက်ပွဲပြင်းတယ်၊ အချိန်ကြာတယ်။ အခုဆို ၂ နာရီ။ တနာရီကျော်လောက်မှ ပြီးတယ်။”
မြောက်ဦးမြို့နယ်မှာ ဒီနေ့အစောပိုင်းက တပ်မတော်စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်ပြောခွင့်ရ ခိုင်သုခကလည်း အတည်ပြုပါတယ်။
“ဒီနေ့ ဇူလိုင်လ ၃၀ ရက် မနက် ၅ နာရီကျော်လောက်မှာ မြောက်ဦးမြို့နယ် ဝေသာလီရွာဘက်ကနေပြီးတော့ ချီတက်လာတဲ့ မြန်မာစစ်တပ်ရဲ့ အင်အား ၄၀ လောက်ပါတဲ့စစ်ကြောင်းနဲ့ ဝေသာလီနဲ့ အုတ်ဖိုကန်ရွာအကြား ကားလမ်းမနဲ့ ရထားလမ်းအကြားမှာ တိုက်ပွဲဖြစ်တာရှိတယ်ဗျ။ ဆိုတော့ အဲဒီတိုက်ပွဲမှာတော့ ရန်သူဘက်က အထိခိုက်ကျဆုံးတွေ တော့များတယ်ဗျ။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို မြောက်ဦးမြို့ဘက်က စစ်ကူလာတဲ့ အင်အား ၇၀ လောက်ပါတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းနဲ့ အပေါင်တော်ရှည်အထက်နားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီမှာတိုက်ပွဲအပြင်းထန်ဖြစ်တာပေါ့နော်။ နေ့လယ် ၂ နာရီခွဲလောက်မှာ ရဟတ်ယာဉ် ၂ စီးနဲ့ လာပြီးတော့မှ စက်သေနတ်တွေ ရော့ကက်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးတော့ ပစ်ကူပေးတာ ရှိတယ်။”
တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေ များပြားကြောင်းလည်း AA ပြောခွင့်ရသူက ပြောဆိုခဲ့ပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အနီးတစ်ဝိုက်မှာ တပ်မတော်က ရှင်းလင်းရေးဆောင်ရွက်နေလို့ ကားတွေသွားလာခွင့်မရဘဲ ပိတ်မိနေခဲ့တယ်လို့လည်း မြောက်ဦးမြို့ခံ ကိုဘကျော်ကပြောပါတယ်။
“ကားတွေက ကျောက်တော်ကနေ မြောက်ဦးကို လာတဲ့ကားတွေ မြောက်ဦးကနေ ကျောက်တော်သွားတဲ့ကားတွေ တစ်ဆို့နေတယ်။ မသွားရဘူး။ အခုထက်ထိ တန်းစီနေတုန်းပဲ ခင်ဗျ။”
ဒီနေ့ မနက်မှာလည်း မင်းပြားမြို့နယ် တိုင်းဗဟို ၉ အနီး အိုးပုံသာဘက်မှာလည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီမနက် မြောက်ဦးမြို့နယ်က တိုက်ပွဲအခြေအနေကို မသိရှိသေးပေမဲ့ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ပြောပါတယ်။
“ဒီမနက်ဆို ကျနော်လည်း မသိသေးဘူးဗျ။ မနေ့တုန်းကတော့ ကျနော်တို့ ဒီ တောင်ဘဇာဘက်မှာတော့ဖြစ်ခဲ့တာရှိပါတယ်။ တောင်ဘဇာဘက်ဆိုတာ ဘူးသီးတောင်ရဲ့ မြောက်ခြမ်းဘက်ပေါ့။ အဲဒီမှာတော့ နေ့လယ်ဘက်မှာ ထိတွေ့မှု ဖြစ်ပွါးခဲ့တာရှိတယ်။ ကျနော်တို့ဆီက ဒဏ်ရာရရှိတဲ့သူ အနည်းငယ်ရှိပါတယ်။”
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ကတော့ ရှေ့လထဲ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို တက်ရောက်ဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်ကပဲ ပူးတွဲကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းမှာတုန်းကလည်း နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ အပစ်အခတ် ရပ်စဲဖို့ ဆန္ဒရှိကြောင်းလည်း ပြောဆိုထားပါတယ်ခင်ဗျာ။


No comments:
Post a Comment