ကျေးရွာထဲ လက်နက်ကြီးကျ ဒေသခံတစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ
လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဇွန်လ ၂၉ ရက်၊ ကျောက်မဲ
ဒီနေ့ ဇွန်လ ၂၉ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ကျောက်မဲမြို့နယ် အက်ကီးကျေးရွာက ဒေသခံအမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ခုံးပရဟိတ လူမှုကူညီရေးအသင်းထံက သိရပါတယ်။
နမ့်ခုံးပရဟိတ လူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုင်းကူးက “အက်ကီးရွာက ဒဏ်ရာရတဲ့သူ အခြေအနေက သိပ်လှုပ်လို့ မရဘူး။ နောင်ပိန်ပရဟိတအသင်းက ဒဏ်ရာရတဲ့ ပန်ကျန်ရွာကတစ်ယောက်နဲ့ သေဆုံးသွားတဲ့ တစ်ယောက်ကို သွားသယ်တယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အက်ကီးကျေးရွာက အမျိုးသားတစ်ဦးကို ကျောက်မဲပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားပြီး ပန်ကျန်ကျေးရွာက အမျိုးသမီးတစ်ဦးကိုတော့ နောင်ပိန်ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။
အက်ကီးကျေးရွာက အမျိုးသားဟာ ရိုက်နှက်ခံရထားတာကြောင့် ဦးခေါင်းမှာ ဒဏ်ရာရရှိထားကြောင်း၊ လက်နက်ကြီးကျပြီး ဒဏ်ရာရတဲ့ ပန်ကျန်ကျေးရွာက အမျိုးသမီးတစ်ဦးကတော့ ညာဘက်တင်ပါးမှာ ဒဏ်ရာရရှိထားပြီး မစိုးရိမ်ရကြောင်း နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက ပြောပါတယ်။
“သွားသယ်လာတာက မနက်ကပါ။ တိုက်ပွဲက ကျနော်တို့သွားတဲ့အချိန် ဘာမှမဖြစ်ဘူး။ ငြိမ်တယ် တိုက်ပွဲတွေ ပစ်ခတ်တာတွေ မရှိတော့ ကျနော်တို့လည်း ကျေးရွာထဲမှာ ဝင်ပြီးသယ်လာတယ်” လို့ ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီနေ့မှာတော့ နောင်ပိန် အောင်ဓမ္မာရုံမှာ တိုက်ပွဲရှောင် (၂၂၀)ဦး ရောက်ရှိနေပြီး မနေ့ ဇွန်လ ၂၈ ရက်မှာလည်း ကျောက်မဲမြို့နယ် ပန်လော့ရွာမှာ တိုက်ပွဲရှောင် (၂ဝဝ)ခန့် ရောက်ရှိနေပါတယ်။
တပ်မတော်နဲ့ RCSS တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ နှစ်ဖက်တပ်ဖွဲ့ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
#လက်နက်ကြီးကျ #ကျောက်မဲ #ဒေသခံ #သေဆုံး ဒဏ်ရာရ
#ဓာတ်ပုံ- Thar Zaw Lso, Nang Ying Hom Kham, U Sein Shwin
https://www.facebook.com/451214215694715/posts/729898397826294/
https://www.facebook.com/shwepheemyaynews/posts/729898397826294?__tn__=-R
No comments:
Post a Comment