ထုတ်ပြန်ကြေညာချက်
အမှတ် (၈/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်
ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)၊ ရခိုင် (ULA/AA) တို့သည်-
(၁) နိုင်ငံရေးအရ အရေးပေါ်ဖြစ်နေသောပြဿနာများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာရန်
(၂) မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် မိမိတို့အဖွဲ့အစည်းများအကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရန်၊ လက်တွေ့ကျသောလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်
(၃) ပြည်သူလူထု၏မျက်နှာကိုထောက်ရှု၍ တိုက်ပွဲများ လုံးဝမဖြစ်ပွားစေဘဲ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်
(၄) နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ရန် နှင့် ပြည်တွင်းစစ်မီး လုံးဝ ချုပ်ငြိမ်းသွားစေရန်
(၅) Covid-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်တားဆီးရေး၊ ထိန်းချုပ်နိုင်ရေး၊ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်
(၆) ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးအား အကြိမ်ကြိမ် ကြေညာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ မေလကုန်အထိ (၅) ကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။
မြန်မာ့တပ်မတော်သည်လည်း မိမိတို့နည်းတူ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာနေသော်လည်း နှစ်ဖက်တိုက်ပွဲများမှာ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါသည်။ ဤသည်မှာ မြန်မာ့တပ်မတော်ဖက်မှ ရခိုင်ဒေသတစ်ခုတည်းကို သီးသန့်ချန်လှပ်ပြီး ရက္ခိုင့်တပ်တော် တစ်ဖွဲ့တည်းအား ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ရန်၊ အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားလုပ်ဆောင်နေသောကြောင့် ရခိုင်ဒေသအတွင်း၌ ယခုကဲ့သို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ်ပါသည်။
ကြိုတင်ကန့်သတ်ချက်များ၊ တစ်ဖွဲ့ဖွဲ့အားချန်လှပ်ထားမှုများပါရှိသော မြန်မာ့တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကြေညာချက်များနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူမှ သတင်းမီဒီယာများ၌ ပြောဆိုနေ ခြင်းများမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်ရန် အဟန့်အတားဖြစ်နေပါသည်။ သို့သော်လည်း ဤသည်ကို နည်းလမ်းရှာပြီးဖြေရှင်းရန် မိမိတို့ဘက်မှ စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
မြန်မာ့တပ်မတော်၏ မိမိတို့အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ရပ်တန့်ခြင်း မရှိသေးသည့်အပြင် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ အရပ်သားပြည်သူလူထုများအား ဦးတည်တိုက်ခိုက်မှု မျိုးကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ယခင်ထက်ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် မိမိတို့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိမိတို့ရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း၊ ရေတပ်သင်္ဘောများမှ နေ့ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေခြင်းတို့အပြင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများကို လူမျိုးရေးအမုန်းတရား များဖြင့် တောက်လျှာက်လုပ်ဆောင်နေခဲ့သည်။
ထို့ကြောင့် လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် မိမိတို့ နှစ်ဦးနှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်ရပ်စဲရေးအား အတူတကွပူးတွဲကြေညာရန် မိမိတို့ဖက်မှ စိတ်ရင်းစေတနာအမှန်ဖြင့် ကမ်းလှမ်းလိုက်ပါသည်။ ထို့အတူ လက်တွေ့ကျသောလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ “သုံးလတာ” အချိန်ကာလအား “ဆဋ္ဌမ” အကြိမ် ထပ်မံသက်တမ်းတိုးမြှင့်လိုက်ပါသည်။ ဤကဲ့သို့ ကမ်းလှမ်းထားစဉ်အတွင်း မြန်မာ့တပ်မတော်မှ မည်သည့်တစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ ယခင်နည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက မိမိတို့အနေဖြင့် အဖိနှိပ်ခံပြည်သူလူထုများနှင့် လက်တွဲပြီး “ယခင်နည်းတူ” မိမိကိုယ်မိမိ ခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
https://www.arakanarmy.net/post/%E1%80%A1%E1%80%95%E1%80%85-%E1%80%A1%E1%80%81%E1%80%90-%E1%80%9E%E1%80%80-%E1%80%90%E1%80%99-%E1%80%90-%E1%81%BF%E1%80%95-%E1%80%85-%E1%80%A5-%E1%80%85-%E1%80%96%E1%80%80-%E1%80%95%E1%80%85-%E1%80%81%E1%80%90-%E1%80%90-%E1%80%80-%E1%80%81-%E1%80%80-%E1%80%99-%E1%80%9B%E1%80%95-%E1%80%85-%E1%80%9B%E1%80%94-%E1%80%80%E1%80%99-%E1%80%9C-%E1%80%99-%E1%80%81-%E1%80%80
No comments:
Post a Comment