ဂူတာပြင်တွင် မွတ်စလင်များ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် တပ်အရာရှိ ၂ ဦးနှင့်စစ်သည် ၁ ဦးကို ပြစ်ဒဏ်ချဟုဆိုသော်လည်း နာမည်နှင့်ပြစ်ဒဏ်များ ထုတ်ဖော်ခြင်းမရှိ
ရန်ကုန်၊ ဇွန် ၃၀
တပ်မတော်က ရခိုင်ပြည်နယ်၊ ဂူတာပြင်မှာ မွတ်စလင်တွေ အစုလိုက်အပြုံလိုက် သတ်ခံရမှုနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနဲ့စစ်သည်တစ်ဦးကို ပြစ်ဒဏ်တွေချမှတ်အတည်ပြုလိုက်တယ်လို့ ဒီနေ့ နံနက်ပိုင်းမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သော်လည်း အပြစ်ပေးခံရတဲ့ တပ်မတော်သားအမည်တွေနဲ့ ပြစ်ဒဏ်တွေကို တိကျစွာ ထုတ်ပြန်ခြင်းမရှိပါဘူး။
တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ " ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)က အရာရှိကြီးတစ်ဉီး၊ အရာရှိတစ်ဉီးနှင့် အခြားအဆင့်စစ်သည်တစ်ဉီးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ် ချမှတ်ချက်တို့ကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း" ဖော်ပြထားပါတယ်။
ဂူတာပြင်လူသတ်မှုဖြစ်စဉ်
=================
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှ မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေမှာ ဂူတာပြင်ကျေးရွာမှာ လူအစုအပြုံလိုက် သတ်ဖြတ်မှု တွေဖြစ်ပေါ်ခဲ့ကြောင်း အေပီ သတင်းဌာနက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သတင်းဖော်ပြခဲ့ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာတော့ တပ်မတော်က ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး အဲဒီထုတ်ပြန်ချက်မှာ ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့က ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန် အားနည်းခဲ့တဲ့အတွက် စစ်စည်းကမ်းအရ အရေးယူရမယ့် အခြေအနေတွေ ပေါ်ပေါက်လာကြောင်း၊ စစ်တရားရုံးနဲ့ ဆက်လက် စစ်ဆေးစီရင်နိုင်ဖို့ ဆောင်ရွက်သွားမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဘူးသီးတောင်၊ မောင်တောနယ်မြေကို နှစ်ကြိမ်တိုင်တိုင်သွားရောက်စစ်ခဲ့ပြီး ဒီကြေညာချက်ထုတ်ပြန်တာလို့ ဆိုပေမယ့် ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလိုဆိုတာကို တပ်မတော်ဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဘာမှကို မဖော်ပြထားပါဘူး။
ဂူတာပြင်မှာ ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး ဘယ်လို လူသတ်မှု ဖြစ်စဉ်တွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားမှုတွေ ဖြစ်ပေါ်ခဲ့ပါသလဲ။ အေပီသတင်းကို ပြန်ပြီး ကြည့်ရအောင်ပါ။
အေပီ သတင်းဌာနက ဖော်ပြတဲ့ ဂူတာပြင် လူသတ်ဖြစ်စဉ်
======================================
အေပီသတင်းဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံက BALUKHALI REFUGEE CAMP မှ လွတ်မြောက်လာသူတွေရဲ့ ပြန်ပြောင်းပြောဆိုချက်တွေ၊ စုံစမ်းထောက်လှမ်းထောက်လှမ်းထားတဲ့ အချက်အလက်တွေနဲ့ ဂူတာပြင် လူသတ်ဖြစ်စဉ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အေပီသတင်းဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ အသက်ဘေးက လွတ်လာတဲ့ မွတ်စလင် ၂ ဒါဇင်ကို တွေ့ဆုံမေးမြန်းမှုတွေနဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို သက်သေတွေအရ အစုလိုက် အပြံလိုက် မြှုပ်နံှထားတဲ့ ကျင်းကြီး ၅ ကျင်း ထက်မနည်းရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ဒီလိုဖြစ်စဉ်မျိုး ဖြစ်တာမရှိခဲ့ဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
ဒါပေမယ့် အေပီ သတင်းအရတော့ မြန်မာစစ်တပ် အနေနဲ့ စနစ်တကျ မွတ်စလင်တွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ထင်ရှားပေါ်လွင်တဲ့အပြင် ဌာနဒေသခံတွေရဲ့ အကူအညီလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ကျင်းကြီးတွေက မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေတွေဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။
ဂူတာပြင်မှာ မွတ်စလင် ဘယ်နှစ်ဦး အသတ်ခံခဲ့ရလဲ
=================================
အေပီသတင်းအရတော့ ဂူတာပြင်ကျေးရွာ ရှိခဲ့တဲ့ နေရာဟာ ဂြိုလ်တု ဓာတ်ပုံတွေအရ အပျက်အစီးတွေ ဖြစ်သွားပြီး ၇၅ ဦး အသတ်ခံရတဲ့ စာရင်းရရှိထားတယ်လို့ ဒုက္ခသည်စခန်းမှာရှိနေတဲ့ ကျေးရွာ ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။ အသက်ဘေး လွတ်မြောက်လာတဲ့သူတွေကတော့ အသတ်ခံရတဲ့ အရေအတွက်ဟာ ၄၀၀ ထက်မနည်း ရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။
စနစ်တကျ ဘယ်လို လူသတ်ခဲ့ကြလဲ
========================
လွတ်မြောက်လာသူတွေရဲ့ အဆိုအရ စစ်တပ်အနေနဲ့ သြဂုတ်လ ၂၇ ရက်နေ့ တိုက်ခိုက်မှုတွေကို သတိကြီးကြီး စီစဉ်ခဲ့ကြပြီး သူတို့တွေအနေနဲ့ သူတို့ လုပ်ခဲ့တာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဓားတွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ဒုံးကျဉ်ပစ်တဲ့ အမြှောက်တွေ၊ လက်ပစ်ဗုံးတွေ နဲ့ အပြည့်အစုံ လက်နက် တပ်ဆင်ခဲ့ကြသလို တွင်းတွေ တူးဖို့ ပေါက်ပြားတွေ ၊ အလောင်းတွေ ဖျောက်ဖျက်ဖို့ အက်ဆစ်တွေကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြတာပါ။
သတ်ဖြတ်မှုတွေက သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စတင်ခဲ့ပြီး စစ်သား ၂၀၀ ကျော်လောက်က ဂူတာပြင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာပါတယ်။ အခြား စစ်သားအုပ်စုကလည်း ရွာကိုဝိုင်းပြီး ဘယ်သူမှ မလွတ်မြောက်နိုင်အောင် စီးနင်းသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေကြောင့် ပေါက်ကွဲသံတွေကို ကြားရတယ်လို့ လွတ်မြောက်လာသူတွေကဆိုပါတယ်။ အေပီသတင်းကတော့ လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်တွေကို အသေးစိတ် ဖြစ်စဉ်တွေ အဖြစ် ပြန်လည် ဖော်ပြထားပါတယ်။
အေပီသတင်းရဲ့ ရေးသားချက်မှာတော့ အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့ ကျင်းကြီး ၃ ခုဟာ ဂူတာပြင်ကျေးရွာရဲ့ မြောက်ဘက်မှာရှိနေပြီး ကျင်းနှစ်ကျင်းက ၁၅ ပေ အကျယ်ရှိပြီး ၇ ပေခွဲ ကျော် ရှည်လျားတယ်လို့ ဆိုပါတယ်။ အခြားကျင်းတစ်ခုကတော့ ကိုးပေနက်ပြီး ၁၁၂ စတုန်းရန်းပေ ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- ဂူတာပြင် အစုလိုက်အပြုံလိုက်အသတ်ခံရမှုအတွက် တပ်မတော်စစ်ခုံရုံးဖြင့်စစ်ဆေးစဉ်။ Photo Credit - Cincds.gov.mm
https://www.facebook.com/khitthitnews/photos/a.386800725090613/951869965250350/?type=3&__tn__=-R
No comments:
Post a Comment