ပလက်ဝသို့ ဆန်သွားပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကား ပစ်ခတ်ခံရ
ပုံ- ပစ်ခတ်ခံရသော ဆန်သယ်လာသည့် WFP ကား(ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး fb)
ပုံ- ပစ်ခတ်ခံရသော ဆန်သယ်လာသည့် WFP ကား(ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး fb)
ရန်ကုန်၊ မေ ၁
တပ်မတော်နှင့် ရခိုင့်တပ်ဖွဲ့(AA)တို့ တိုက်ပွဲများကြောင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်နေသော ချင်းပြည်နယ်၊ ပလက်ဝ မြို့သို့ ဆန်အိတ်များအပါအဝင် စားနပ်ရိက္ခာထောက်ပံ့ရေးပစ္စည်းများ သွားပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ယာဉ်တန်း ပစ်ခတ်ခံရကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သော စားနပ်ရိက္ခာပစ္စည်းများကို သယ်ဆောင်လာသည့် ယာဉ်တန်းသည် ဧပြီ ၂၉ ရက်၌ လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ် ၅ စီးမှာ ကပ်လျက် လိုက်ပါလာစဉ် ဆမီးမြို့၏အနောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာသို့အရောက်တွင် AA အဖွဲ့သည် WFP ယာဉ်ကို ရွေး၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
တပ်မတော်ဘက်က “ထိုသို့ထွက်ခွာလာရာ ဆမီး၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့အရောက်၌ AA အဖွဲ့မှ WFP မှ မော်တော် ယာဉ်များကို ဦးတည်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ယာဉ်ပေါ်လိုက် လုံခြုံရေး အဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင် (ပခုက္ကူမြို့နေထိုင်သူ)၏ မျက်နှာတွင် မော်တော် ယာဉ် လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ခြောက်ဘီးယာဉ် အပါအဝင် ယာဉ် ၅ စီးတွင် ရှေ့/နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ် ထိမှန်ပျက်စီးခဲ့သည်။
သို့သော်လည်း ထောက်ပံ့ရေး ပစ္စည်းများနှင့် ရိက္ခာများကို ဧပြီ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပလက်ဝ နယ်မြေခံ တပ်ဌာနချုပ် ဝန်းကျင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး WFP မှ ယာဉ်မောင်းကို လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် ကုသပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
တပ်မတော်ဘက်မှ ထိုသို့ အခိုင်အမာ ပြောဆိုသောကြောင့် သတင်းကျင့်ဝတ်အရ မြေပြင် အခြေအနေ သိရှိရန် AA ဘက်သို့ မေးမြန်းရမည်ဖြစ်သော်လည်း အစိုးရက AA ကို အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်က ကြေညာထားသည့်အတွက် ဆက်သွယ်ရန် အခက်အခဲရှိသည်။
AA ဘက်ကလည်း ပလက်ဝရှိ ပြည်သူများအတွက် ရိက္ခာသယ်ယူ ပို့ဆောင်မည်ဆိုပါက ၎င်းတို့အနေဖြင့် ခွင့်ပြုပေးမည့် အပြင်၊ အကူအညီပါပေးမည်ဟူ၍ ထုတ်ပြန်ခဲ့ဖူးသည်။
AA အဖွဲ့သည် ဆမီးမှ ပလက်ဝသို့ ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းက ဆန်အိတ် ၁၀၀ ကို သွားရောက် ပို့ဆောင်ရာမှာလည်း ဆန်အိတ် ၂၀ ကို ယူဆောင်သွားခဲ့သလို ယာဉ်တန်းများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်မည့် ဓာတ်ခွဲနမူနာများကို ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးရန် သယ် ဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကုလသမဂ္ဂ(UN) တံဆိပ်ပါ မော်တော်ယာဉ်တစ်စီး ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန်မှာ ဧပြီ ၂၀ ရက်က ပစ်ခတ်ခံရ၍ ယာဉ်မောင်း သေဆုံးခဲ့ပြီး ဝန်ထမ်း တစ်ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။
ထိုပစ်ခတ်မှုမှာလည်း AA အဖွဲ့က ပစ်ခတ်ခြင်း ဖြစ်သည်ဟု တပ်မတော်နှင့်အစိုးရဘက်က ပြောသလို AA ဘက်ကလည်း တပ်မတော်ဘက်က ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ကာ စွပ်စွဲထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပလက်ဝဒေသ၌ တိုက်ပွဲရှောင် ၉၀၀၀ ဝန်းကျင်ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှာ ၁၅၀၀၀၀ ဝန်းကျင် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
http://www.mizzimaburmese.com/article/69497
No comments:
Post a Comment