ပလက်ဝ ဒေသခံများအတွက် WFP မှ ထောက်ပံ့ရေးပစ္စည်းများ အပါအဝင် ရိက္ခာများ သယ်ဆောင်လာသည့်ယာဉ်တန်းအား AA အဖွဲ့က ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်အချို့ပျက်စီးခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

■ ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများ နှင့် ရိက္ခာများသယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ မော်တော်ယာဉ်များအား ဧပြီ ၂၉ ရက်တွင် ဆမီး၏ အနောက်ဘက်မီတာ ၁၀၀၀၀ ခန့် အကွာ၌ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်အချို့က ပျက်စီးခဲ့ကြောင်း ဧပြီ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ပလက်ဝဒေသရှိ ဒေသခံပြည်သူများအ တွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်း သော စားသောက်ဖွယ်ရာပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှု များနှင့် AA အဖွဲ့၏ နှောင့်ယှက်ဟန့်တား မှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဧပြီ ၂၉ ရက် တွင် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ထောက်ပံ့ ရေးပစ္စည်းများနှင့် ရိက္ခာများကို ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ သတင်းထုတ်ပြန်ထားသည့် အတိုင်း ကျန်ရှိနေသော ထောက်ပံ့ရေးပစ္စည်း များနှင့် ရိက္ခာများကို ဧပြီ ၂၉ ရက် ညနေပိုင်း တွင် ပလက်ဝသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေ အနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှ စတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ်ခြောက်စီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက်လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျလုံခြုံရေး ဆောင်ရွက်၍ ထွက်ခွာခဲ့ကြောင်း ဧပြီ ၃၀ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ထွက်ခွာခဲ့ရာ ဆမီး၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့ အရောက်၌ AA အဖွဲ့က နောက်မှလိုက်ပါ လာသည့် WFP မှမော်တော်ယာဉ်များကိုသာ ဦးတည်ပစ်မှတ်ထား ရွေးချယ်၍ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက် ရှိရှိ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့် ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များ က ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲ့မှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုများ ကြောင့် ပခုက္ကူမြို့တွင် နေထိုင်သူ WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ် ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းင်းမောင်းနှင်သည့် ခြောက်ဘီးယာဉ်အမှတ် YGN-2C-----ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက် ငယ်ကျည် ထိမှန်ပျက်စီးခဲ့သည့်အပြင် အခြား မော်တော်ယာဉ် လေးစီးတွင်လည်း ရှေ့/ နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများ နှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန် ပျက်စီးခဲ့ကြောင်း တပ်မတော်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက် စီးခဲ့သော်လည်း လုံခြုံရေးစနစ်တကျဆောင် ရွက်၍ ချီတက်ခဲ့မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံကာကွယ်ခဲ့မှုများကြောင့် အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ ကို ဧပြီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပလက်ဝရှိ နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ ချောမောစွာဖြင့် ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင် အား ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
AA အဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်တွင်လည်း မောင်တောဒေသသို့ ပို့ဆောင်မည့် ထောက်ပံ့ရေးရိက္ခာပစ္စည်းများ တင်ဆောင်လာသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ ကုန်ကား ၆ စီးကို ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီး လမ်း ဆုံ၊ ကျောက်ကြပ်ကျေးရွာအနီး၌ လည်း ကောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်တွင် COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးရန် သွားရောက်သည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ် အား မင်းပြားမြို့နယ်၊ ရာမောင်တံတား အလွန်မင်းရွာအနီး၌ လည်းကောင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်လျက်ရှိသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
No comments:
Post a Comment