ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စားနပ်ရိက္ခာများ ဆက်လက်လှူဒါန်း

တောင်ကြီး မေ ၃၀
ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်း ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ ပရဟိတအဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် လားရှိုးမြို့အထက် မန်အိုင်ကျေးရွာသို့ ရောက်ရှိပြီး အထက်မန်အိုင် ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊ ဆီ( ၁)ပုံး၊ ဆား(၁) အိတ်၊ ကုလားပဲ(၁) အိတ် တို့ကို လှူဒါန်းခဲ့ပြီး၊ မြန်မာ၊ ကချင်၊ ရှမ်း၊ ပလောင်၊ ကိုးကန့်၊ တအောင်း စသည့် အခြေခံ တိုင်းရင်းသားပေါင်းစုံ အိမ်ထောင်စု (၈၆၃) စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၈၆၃)ထုပ်နှင့် ငွေကျပ် (၁၀၀၀၀) စီ လှူဒါန်းခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့ ကန်မိန်း ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅)အိတ်၊ ဆီ(၂၀)ပုံး၊ ဆား(၆)အိတ်၊ ကုလားပဲ(၆)အိတ် တို့အားလည်းကောင်း၊ လားရှိုးမြို့ မန်းပွဲကျေးရွာ အနီး ဟိန္ဒူသီရိသျှီဝ ရှန်ခိုက် ဘုရားကျောင်းသို့ ငွေကျပ် (၁၀) သိန်းအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အဖွဲ့သည် နံနက်(၁၀) နာရီအချိန်တွင် လားရှိုးမြို့ပြည်သူ့ ဆေးရုံကြီး သို့ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်မှ ခရိုင်နှင့်မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူငွေ(၁၀) သိန်း ကျပ်စီ၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်းမှ လားရှိုးမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ်သိန်း (၁၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် အခြေခံတိုင်းရင်းသား ပေါင်းစုံနေထိုင်ရာဒေသများသို့ စားနပ် ရိက္ခာထုပ်များ ဆက်လက် ဖြန့်ဝေလှူဒါန်းသွားမည် ဖြစ်ကြောင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိတိုက်နယ် ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများ နှင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့် စင်တာများအတွက် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ်ပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီ၏ ပြောကြားချက်အရ သိရှိရသည်။
No comments:
Post a Comment