Friday, May 1, 2020

ရခိုင်တွင် ဧပြီလအတွင်း လက်နက်ကျည်ထိမှန်ပြီး အရပ်သား ၃၀ ကျော်သေဆုံး

ရခိုင်တွင် ဧပြီလအတွင်း လက်နက်ကျည်ထိမှန်ပြီး အရပ်သား ၃၀ ကျော်သေဆုံး

အောင်ထိန် | DMG
မေ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့် ကြာမြင့်လာနေပြီး တိုက်ပွဲများမှာ လက်ရှိအချိန်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးမှုများမှာ လစဉ်တိုးလာနေသည်။

ယခု ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျည်ထိမှန်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သား ၃၂ ဦးသေဆုံးခဲ့ကာ ကျန် ၆၈ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထိုသို့သော အရပ်သားသေဆုံးမှုဖြစ်ရပ်များသည် လူ့အဖွဲ့အစည်းကို ပိုမိုဆိုးဝါးစေကြောင်း ကျောက်တော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“နေ့စဉ်နဲ့အမျှ လူမှုဘဝပြဿနာတွေနဲ့ ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ရင်ထဲကို မလိုလားအပ်တဲ့ ဒဏ်ရာ တွေ၊ ခံစားချက်တွေကို ဖြစ်စေတယ်။ ဒီဟာတွေက စစ်ပွဲကိုအဆုံးသတ်ဖို့၊ လျှော့ချဖို့အတွက် အထောက်အကူ မဖြစ်ဘူး။ လူ့အဖွဲ့အစည်းကို ပိုမိုဆိုးဝါးတဲ့ခံစားမှုတွေကိုဖြစ်စေတဲ့ လုပ်ဆောင်ချက်ဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတင်းမာနေကြသည့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲများကိုရပ်တန့်ပြီး နိုင်ငံရေးအရ အဖြေရှာကြရန် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

သို့သော် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်း အဖြစ် အစိုးရကကြေငြာခဲ့သဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် ဝေးကွာသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ များက သုံးသပ်ပြောဆိုကြသည်။

အခြားတစ်ဖက်တွင်လည်း အစိုးရက ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ (၁၀)လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ တစ်သိန်းငါးသောင်းကျော်အထိရှိလာနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေကြရသည်။

{Unicode}












Website link >>> https://bit.ly/2KPjBR

https://www.facebook.com/dmgnewsagency/photos/a.466679383484478/1686649924820745/?type=3&__tn__=-R

No comments:

Post a Comment