“လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို ချီးကျူးတယ်၊ ဂုဏ်ပြုတယ်ဆိုတာက တဖက်လက်နက်ကိုင်တစ်ဖွဲ့ကို ဖိနှိပ်ရာ၊ နှိပ်ကွပ်ရာရောက်တယ်”
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ဘယ်လိုမြင်ကြလဲ
ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရသည့်ဖြစ်ရပ်များမှ မိမိတို့ပြည်သူများ ကင်းဝေးနိုင်စေရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးပုဂ္ဂိုလ်များ၏အမြင်များကို DMG က စုစည်းတင်ဆက်ထားပါသည်။
ခိုင်ရိုးလ စုစည်းတင်ပြသည်။
■ ဒေါ်ညိုညိုသင်း (တည်ထောင်သူ) ၊ ရန်ကုန်စောင့်ကြည့်အဖွဲ့
ကျမတို့အနေနဲ့ကတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ချီးကျူးလိုက်တဲ့ကိစ္စအပေါ်တော့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့အချိန်မှာ တစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးကို အလိုရှိတယ်လေ။
တစ်ကမ္ဘာလုံးကလည်း ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ကုလသမဂ္ဂဆိုရင် လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတယ်လေ။ အဲဒီလိုအခြေအနေမှာ ကိုယ်က ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ အားပေးအားမြှောက်လုပ်တဲ့ကိစ္စကို အထူးသဖြင့် နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ လုံးဝမလုပ်သင့်ဘူးလို့ ကျမထင်တယ်။ အဲဒါကြောင့်မို့လို့ ဒီထုတ်ပြန်ချက်ကို ကြည့်လိုက်တဲ့အခါမှာ အောက်ဆုံးအပိုဒ်မှာ ငြိမ်းချမ်းရေးဆက်လုပ်သွားမယ်လို့ ပြောထားတယ်ပေါ့နော်။
အဲဒီတော့ တစ်ကယ်ကို ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိတယ်ဆိုရင်တော့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရက လိမ္မာပါးနပ်စွာကိုင်တွယ်ရမယ်။ တစ်ဘက်ဘက်ကို အားပေးတာတွေ၊ ဂုဏ်ပြုတာတွေ ချီးကျူးတာတွေမလုပ်သင့်ဘူး။
နောက်ပြီးတော့ လက်နက်ကိုင်ပြဿနာဆိုတာက လက်နက်နဲ့ ဖြေရှင်းလို့ရတာမဟုတ်ဘူး။ ကျမတို့ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတာကိုပဲ အားပေးတယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို အားပေးတယ်။ ချီးကျူးတယ်။ ဂုဏ်ပြုတယ်ဆိုတာက တစ်ဖက်လက်နက်ကိုင်တစ်ဖွဲ့ကို ဖိနှိပ်ရာ၊ နှိပ်ကွပ်ရာရောက်တယ်လေ။ ဒါကြောင့်မို့လို့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ဒီလိုကြေညာချက်မျိုး ထုတ်တာဟာ ဒီလိုအချိန်မှာ လုံးဝမဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ယူဆတယ်။
■ ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)
မတ်လ ၂၃ ရက်နေ့မှာ AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တယ်။ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း AA ကို အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ကြောင့်မို့လို့ ချေမှုန်းသွားဖို့လိုတယ်လို့ မကြာခင်က ထုတ်ပြန် ထားတယ်။ အခုတစ်ခါ နိုင်ငံတော်အတိုင်ပင်ခံလက်မှတ်နဲ့ ထပ်ထုတ်တယ်ဆိုတော့ ပြဿနာက ဘာဖြစ်သွား မလဲဆိုတော့ AA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လို့ သဘောမထားဘဲနဲ့ အကြမ်းဖက်အဖွဲ့ဆိုပြီးတော့ သဘောထားတယ်။ တပ်မတော်နဲ့အတူ ရပ်တည်တယ်။
AA သည် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက် ချေမှုန်းပစ်ရမယ်။ ချေမှုန်းပစ်တဲ့သူတွေကိုလည်း ဂုဏ်ပြုတယ် ဆိုပြီးတော့ ရပ်တည်ချက် ထွက်လာတဲ့အခါကျတော့ ဒီ(NLD)အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ တပ်မတော်နဲ့ AA ကိစ္စမှာ တစ်သားတည်းဖြစ်သွားသလို။ ဒီ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်တန့်ဖို့ဆိုတာထက် ဆက်ပြီးကြီးထွားအောင် (သို့မဟုတ်) ကြီးထွားစေနိုင်တဲ့အခြေနေတွေ ပေါ်ပေါက်လာစေနိုင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။
■ စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင်) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)
ဒီအချက်က (၃) နဲ့ (၄) ဂဏန်းလိုဖြစ်နေတယ်။ (၃) ဂဏန်းကို တစ်ဖက်ကကြည့်လိုက်တော့ (၃)လို့ မြင်ပြီး တော့ နောက်တစ်ဖက်ကကြည့်ရင် (၄)လို့မြင်တယ်။ တစ်ဖက်မှာ “ဂငယ်”ကိုအထက်ကစီးလို့ ကြည့်လိုက်တော့ “ဂငယ်”လို့မြင်သလို အောက်ကပင့်လို့ကြည့်လိုက်တဲ့အခါ “ပစောက်”လို့မြင်တယ်။ အဲဒီလို အမြင်တွေမတူလို့ ရခိုင့်နိုင်ငံရေးက အင်မတန်မှ ရှည်လျားနေတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရှေ့ကိုကြည့်လိုက်တဲ့အခါမှာ ဒီပြဿနာတွေဟာ အခုလောလောဆယ်ဖြစ်ပေါ်နေတဲ့ ပြဿနာမဟုတ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ ပြဿနာတွေနဲ့ ဆက်နွယ်နေတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ပြဿနာဟာ နှစ်ပေါင်း (၇၀)ကျော်လာပြီဖြစ်တယ်။ ဒီလိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ငြိမ်းအောင်သတ်ဖို့ဆိုတာ အဓိကအားဖြင့် ကိုင်တွယ်မှုလွဲမှားရင် အခက်ရှိပါတယ်။ အဓိက အဖျက်သမား ပြောခြင်း၊ မပြောခြင်းကို ကျမအနေနဲ့ မပြော လိုပါ။
ကျမတို့ဟာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အတွေ့ကြုံတစ်ခုကို ဥပမာပေးချင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို ဖို့ကြိုးစားနေတဲ့အချိန်မှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အဖွဲ့ (၆) ဖွဲ့ကို ချန်လှပ်ထားဖို့ဆိုတဲ့ စဉ်းစား ချက်တွေပေါ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကိုးကန့်တိုက်ပွဲနဲ့ပါ။ တစ်ဖက်မှာကြည့်လိုက်တော့ (၃) ဖွဲ့သည် အပစ်ခတ်ရပ်စဲစရာမလိုသော အဖွဲ့ဖြစ်တယ်ဆိုတဲ့အမြင်။ အဲဒီအမြင်တွေအပေါ်မှာ အဖွဲ့(၆) ဖွဲ့ဟာ ချန်လှပ် ထားခြင်းခံခဲ့ရတွေဟာ အခုတိုက်ပွဲဖြစ်ပေါ်လာရခြင်း အခြေအနေတွေအထိ သက်ရောက်လာတယ်လို့ ပြောချင် ပါတယ်။
ဆိုတော့ အဲလိုကျန်ခဲ့တဲ့အခါမှာ အားလုံးပါဝင်ရေးဆိုတဲ့ အနေအထားကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံကပြောခဲ့သလို ဒီနေ့ထက်ထိ အားလုံးကပြောနေကြတာဖြစ်ပါတယ်။ အဲဒီလို စာချုပ်ကိုမချုပ်ခင်က NCCT ကိုရေးဆွဲတဲ့အချိန်က (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) အားလုံး (၂၁) ဖွဲ့ ပါတယ်။ (၂၁) ဖွဲ့စလုံးက မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ဖြေရှင်းတဲ့အတွက်ကြောင့် သမိုင်းရှည်ကြာပြီးတော့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ဖို့လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ရှိခဲ့တယ်။
တစ်နည်းအားဖြင့် ဒီဟာတွေက Concert ကောင်းတစ်ခုဖြစ်တယ်။ အဲဒီ Concert ကိုအခြေခံပြီးခါမှ ဒီလက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ပထမဦးစွာ လုပ်ဆောင်ဖို့လိုတယ်လို့ စဉ်းစားခဲ့တာဖြစ်တယ်။ အဲဒီလိုစဉ်းစားခဲ့တဲ့အခါမှာ အခုလို တိုက်ပွဲဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ပါသွားတယ်။ (၂၁) ဖွဲ့ပါဝင်ခဲ့တာဖြစ်တယ်။ ဆိုတော့ ကိုင်တွယ်မှုလွဲမှားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီနေ့အထိ တချို့သောအဖွဲ့အစည်းတွေက စားပွဲခုံပေါ်မှာ တိုက်ရိုက်မရောက်နိုင်တဲ့ ပြဿနာရှိနေတယ်တာလို့ ကျမကသုံးသပ်တယ်။
ဆိုတော့ ဒီပြဿနာတွေကို ပြေငြိမ်းအောင်လုပ်ဖို့အတွက် တစ်ဖွဲ့က အဖျက်သမား၊ တစ်ဖွဲ့က အကြမ်းဖက် သမားဆိုတာမျိုးကို ပြောနေခြင်းထက် ကျမအကြံပြုချင်တာက ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ် ရေးကို မှန်မှန်ကန်ကန်လုပ်ရင်တော့ လောင်နေတဲ့မီးကို ဘယ်လိုငြိမ်းသတ်မှာလဲ စဉ်းစားချက်က အဓိက ကျတယ်။ ဒါကြောင့် အကောင်းဆုံး မီးငြိမ်းသတ်နည်းကို ဆောင်ရွက်ခြင်းသာလျှင် နိုင်ငံရဲ့အကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျမယုံကြည်တယ်။
■ ဦးမြအေး (ခေါင်းဆောင်) ၊ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု
အဲဒီအထဲမှာ အဓိကအားဖြင့် အချက် (၂)ချက်ပါတယ်။ နံပါတ် (၁)အချက်ကတော့ တပ်မတော်ကို ချီးကျူးတယ်ဆိုတဲ့ အချက်၊ နောက်တစ်ချက်ကတော့ AA ကို အကြမ်းဖက်အဖွဲ့ဆိုပြီး သုံးထားတာကိုတွေ့တယ်။ ကျွန်တော်တို့က နိုင်ငံတစ်ခုကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တည်ဆောက်နေတဲ့ အချိန်အခါ လည်းဖြစ်တယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေက ရပိုင်ခွင့်အခြေခံပေါ်မှာ တိုင်းရင်းသားတွေ ရသင့် ရထိုက်တဲ့အခွင့်ရေးကို နည်းမျိုးစုံနဲ့တောင်းဆိုတိုက်ပွဲဝင်နေတယ်ဆိုတာကို နိုင်ငံရေးအရ အဲလိုပဲရှုမြင်ရမယ်။
ဒီကြေညာချက်က တကယ်တမ်းပြောမယ်ဆိုရင် တပ်မတော်ဘက်ကိုလည်း မလိုက်သင့်သလို တိုင်းရင်းသား လက်နက်ကိုင်ဘက်ကိုလည်း မလိုက်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။
အစိုးရတစ်ရပ်အနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ ဖြစ်နိုင်သမျှ သင့်မြတ်ဖို့အတွက်ကို ညှိနှိုင်းပေးတာက ပိုပြီးထိရောက် တယ်လို့ ကျွန်တော်ကမြင်တဲ့အတွက်ကြောင့် ဒီနိုင်ငံတော်အတိုင်ပင်ခံရဲ့ ကြေညာချက်ကို (ပွင့်ပွင့်လင်းလင်း ပြောရရင်) သိပ်ပြီးတော့ သဘောထားမတူဘူး။ သဘောထား မတိုက်ဆိုင် ဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ စစ်မီးစစ်ရန်ပိုပြီးတော့များသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ ကြေညာချက်ပါ အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်သဘောမကျဘူးဗျာ။
■ ခိုင်ကောင်းစံ (ဒါရိုက်တာ)၊ ဝံလက်ဖောင်ဒေးရှင်း
အဓိကဒီဟာမှာ ဒေါ်စုဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တယ်။ နောက်တစ်ခုက တစ်ဘက်မှာ တပ်မတော်သားတွေကိုပြောသလို တိုက်ပွဲကာလအတွင်းမှာ သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူမိသားစုတွေ ရာချီပြီးရှိနေတယ်ဆိုတော့ သူတို့အတွက်ကိုလည်း စာနာမှုတရားရှိဖို့လိုတယ်။
နောက်တစ်ခုက အဖျက်အမှောင့်တွေလုပ်နေတယ်ဆို့ စကားလုံးအသုံးအနှုန်းကို သုံးနှုန်းထားတာကသာလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာသွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေအတွက် အဟန့်အတားဖြစ်စေတယ်လို့ပြောချင်တယ်။
နောက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ မျှော်လင့် ချက်တွေ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ကိုသွားဖို့ပြောနေတဲ့ဟာတွေကို ဒေါ်စုကိုယ်တိုင်က နားလည်လက်ခံဖို့လိုတယ်။
လက်နက်ကိုင်အဖွဲ့အစည်းလို့ပြောလိုက်တဲ့အခါမှာ AA တစ်ခုတည်းမဟုတ်ပဲ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် (၂၁)ဖွဲ့တို့ရဲ့ လိုအပ်ချက်တွေဟာ တိုင်းပြည်ရဲ့လိုအပ်ချက်တွေနဲ့ တစ်ထပ်တည်းဖြစ်တယ်။
နိုင်ငံရေးသုံးသပ်သူတွေ သုတေသီတွေရဲ့ လိုအပ်ချက်နဲ့လည်း တစ်ထပ်တည်းဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေဟာ ပြည်သူတွေရဲ့လိုအပ်ချက်ကို အကောင်ထည်ဖော်နေတဲ့ အဖွဲ့တွေဖြစ်တယ်ဆိုတာကို ဒေါ်စုအနေနဲ့ နားလည်သဘောပေါက်ဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
■ ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ရသေ့တောင်မြို့နယ်
ကျွန်မအမြင်ကတော့ ဒီဟာက မြေပြင်အခြေနေကို လုံးဝသိရှိနားလည်မှုမရှိလို့ဖြစ်တယ်။ နောက်တစ်ချက်က မီဒီယာတွေကို လွတ်လပ်စွာသွားလာခွင့်မရတာတွေ၊ အင်တာနက်ပိတ်ပြီး သတင်းအမှောင်ချထားတာတွေ အားလုံးနဲ့ သက်ဆိုင်တယ်လို့မြင်တယ်။
သတင်းတွေမှာ ရခိုင်ပြည်နယ်က လူတွေခံစားနေရတာတွေကို ပေါ်လွင်အောင်ရေးထားကြတာတွေရှိတယ်။ ဆိုတော့ အခုစစ်ဘေးရှောင်တွေ ဘာကြောင့်ဖြစ်လာရလဲဆိုတဲ့ အကြောင်းအရင်းတွေရှိတယ်။ စစ်ပွဲမရှိပဲ အမျိုးမျိုးကြောင့် ထွက်ပြေးလာရတာတွေရှိတယ်။ အခုဆိုရင် တစ်ပြည်နယ်လုံး တစ်သိန်းကျော်ထိရှိနေပြီ။
ဒီလူတွေဘာကြောင့် ထွက်ပြေးရလဲဆိုတဲ့ အကြောင်းရင်းတွေကို အမြဲတမ်း သတင်းမီဒီယာတွေမှာ ရေးနေ ကြတာတွေရှိတယ်။ အဲဒါကြောင့် ဒီလိုသတင်းတွေကို ကြည့်လိုက်ရင် အဖြေကတော့ ရှင်းရှင်းလေးမြင်ရတယ်။
ကျမက ရခိုင်ပြည်နယ်က ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်ဆိုတော့ ကျမကပြောလိုက်လို့ ရခိုင်ဘက်ကို လိုက်တယ်။ ရခိုင်ပြည်နယ်ဘက်ကို ဦးစားပေးပြောတယ်လို့မြင်ကြလိမ့်မယ်။ ဒါကြောင့် ပြည်သူ့အသံ မီဒီယာမှာ ဖော်ပြထားတဲ့သတင်းတွေကိုကြည့်လိုက်။ နောက်တစ်ခါ ကျမတို့ အင်တာဗျူးတွေအပါဝင် ဆွေးနွေးပွဲလုပ်ထား တဲ့အကြောင်းအရာတွေကို အကြံပေးထားတွေရှိတယ်။ အဲဒါတွေကို အသေအချာကြည့်လိုက်ခြင်းအားဖြင့် အတိုင်ပင်ခံကနေ ဒီလိုထုတ်ပြန်တာဟာ တလွဲစီဖြစ်နေတယ်လို့ ကျွန်မမြင်တယ်။
https://www.dmgburmese.com/%E1%80%A1%E1%…/s-c-ler-sment.html
{Unicode}
https://www.dmgburmese.com/%E1%80%A1%E1%…/s-c-ler-sment.html
https://www.facebook.com/dmgnewsagency/photos/a.466679383484478/1686702678148803/?type=3&__tn__=-R
No comments:
Post a Comment