Friday, May 29, 2020

ရခိုင်တွင် AA က ရဲကင်းစခန်းကို ဝင်တိုက်ချိန် ရှမ်းပြည်နယ်တွင်လည်း TNLA က တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်

ရခိုင်တွင် AA က ရဲကင်းစခန်းကို ဝင်တိုက်ချိန် ရှမ်းပြည်နယ်တွင်လည်း TNLA က တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်
ရန်ကုန်၊ မေ ၂၉
ရခိုင်ပြည်နယ်တွင် AA က ရသေ့တောင်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို ယနေ့ ဝင်တိုက်ချိန် ရှမ်းပြည်နယ်တွင်လည်း TNLA က တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်မှု ယနေ့ တစ်ရက်တည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ အာရှလမ်းမကြီးပေါ်တွင် ယနေ့နံနက် ၁ဝနာရီခန့်က တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိချိန်ထိ ကားအသွားအလာမရှိသေးဘဲ လမ်းများပိတ်ထားကြောင်း ကွတ်ခိုင်မြို့နယ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းကပြောဆိုသည်။
“ ဖြစ်စဉ်က မူဆယ်ဖက်ကဆင်းသွားတဲ့ တပ်မတော်ယာဉ်တန်း အဲတာဆင်းလာတဲ့ယာဉ်တန်းနဲ့ တိုက်ပွဲဖြစ်တာ နမ့်ကွတ်ဆိုတဲ့ ရွာနားမှာဖြစ်တာ အခုထိကလမ်းတွေက ပိတ်နေတုန်းလေ ကားအသွားအလာတောင်မတွေ့ဘူး။ ဦးလေးက နမ့်ဖက်ကာမှာနေတာလေ ကားလမ်းတွေပိတ်ထားသေးတယ်။ တိုက်ပွဲက မဖြစ်တာကြာပြီဗျ ဒီနေ့ပဲ ပြန်ဖြစ်တာ မဖြစ်သင့်တော့ဘူးလေ။ ကိုဗစ် ၁၉ရောဂါက တစ်မျိုး ဒီလိုပြန်ဖြစ်တယ်ဆိုတာ ပြည်သူတွေ တအားဒုက္ခများတာပေါ့။ စားဝတ်နေရေးတွေ ဒုက္ခရောက်တာပေါ့ဗျာ။ အလုပ်အကိုင်အတွက် သွားလာနေတဲ့သူတွေကတော့ စိုးရိမ်နေကျတာပေါ့” ဟု ၎င်းကပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကလည်း အတည်ပြုပြောဆိုသည်။
“ မနက် ၁ဝနာရီလောက်ကနေ ၁၁နာရီခွဲ အထိ ဒီစစ်တပ်က မူဆယ်ဖက်ကနေ ယာဉ်တန်းနဲ့ ကွတ်ခိုင်ဖက်ကို ဆင်းလာတယ်။ ကျွန်တော်တို့ တအောင်းအဖွဲ့က ပြည်ထောင်စုလမ်းမကြီးကို ဖြတ်ကူးတဲ့အချိန်မှာ အဲဒီမှာ နှစ်ဖက်ရင်ဆိုင်တွေ့ပြီးတော့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ တိုက်ပွဲမှာတော့ ဒီစစ်တပ်ဖက်က ကားတစ်စီးတော့ ထိမှန်သွားတယ်။ လက်နက် ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိတာတော့ရှိတယ်။ တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုတော့ ကျွန်တော်လည်း မသိရသေးဘူး။ အဓိကတော့ တပ်ဖက်ကလည်း အပစ်ရပ်ကြေညာထားတာပေါ့။ ကျွန်တော်တို့လည်းအပစ်ရပ်ကြေညာထားတယ်။ ဒီအတောအတွင်းမှာတော့ တပ်ဖက်ကတော့ အပစ်ရပ်ကြေညာပေမယ့်လည်း ဘာမှတော့ ပြောင်းလဲသွားတာတော့ မရှိဘူး။ ကျွန်တော်တို့ ဒေသမှာတော့ ထိုးစစ်ကတော့ ပြင်းထန်နေဆဲဖြစ်တယ်။ အဲဒီထိုးစစ်ရှိနေတော့ အခုလိုပဲနှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားတာဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။
တပ်မတော်၏ အတည်ပြုချက်ရယူရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။
အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အစပ်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို ရခိုင်တပ်တော်AA ယနေ့ နံနက် ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ မိသားစုဝင် ၃ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မ စခန်းနေရာအား AA အဖွဲ့ဝင် ၁၀၀ ခန့်က စခန်း၏ အနောက်မြောက်ဘက်မှနေ၍ ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခန့်တွင် အင်အားခြင်းမမျှ၍ ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ကာကင်းကုန်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးလျက်ရှိပြီး ရဲကင်းစခန်းနေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက်ပူးပေါင်းလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကမူ "အဲဒီသဇင်မြိုင်နေရာက အရမ်းခေါင်တယ်။ ဘူးသီးတောင်နဲ့ ရသေ့တောင်အစပ်။ ဟိုဘက်မှာ မွတ်စလင်တွေပဲရှိတော့တယ်။ ရွာကလည်း အိမ်ခြေ ၄၀ နဲ့ ၅၀ လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာကလည်း ဟုတ်တယ်။ အရမ်းဝေးတော့ဘယ်လိုတွေဖြစ်နေလဲ အသေးစိတ် မသိဘူး" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
AA ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခကမူ ရသေ့တောင်သဇင်မြိုင်စခန်းကို AAက ဝင်ရောက်တိုက်ခိုက်မှုကို အတည်ပြုပြီး ဖမ်းဆီးထားသူများရှိကာ စစ်ဖက်နှင့်မသက်ဆိုင်များကို ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း Arakan Info Desk သို့ ပြောဆိုထားသည်ကိုတွေ့ရှိရသည်။

https://www.facebook.com/khitthitnews/posts/928098667627480?__cft__[0]=AZUN65GXbC2VEyUVyBj3wyPVYjPPVHmHD0MdnoCj3gBB-mIMC0dxKTLIgCbkx1KFypO7GN8wR-3YQjUysgwSspNjqaebmMvMa2nREsIrm4W-5ryknuwSCfLCP3Aq8ms2n8ket0qjnLuZ2v3sWbk-QRGDj8m14JBIYK06OKp4hahVXw&__tn__=%2CO%2CP-R

No comments:

Post a Comment