နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်ကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်၊ သတင်းထောက်သုံးဦးကို (၆)နာရီခန့်ကြာစစ်ဆေးပြီး ပြန်လွှတ်
ခိုင်ရိုးလ | DMG
ဧပြီ ၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ပြီး ယင်သတင်းးဌာနမှ သတင်းထောက်သုံးဦးကို စစ်တွေမြို့အမှတ် ၁ ရဲစခန်းတွင် (၆)နာရီခန့်ကြာ စစ်ဆေးခဲ့သည်။
မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်တွင် ယင်းသတင်းဌာနရုံးခန်းကို ရဲအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရှာဖွေရန် လာရောက်ခဲ့ကြသည်။ ယင်းနောက် အကြီးတန်းသတင်းထောက် သိန်းဇော်၊ သတင်းထောက် အောင်လင်းထွန်းနှင့် ထွန်းခိုင်(တောင်ရင်းကျွန်း)တို့ကို ရဲစခန်းသို့ခေါ်ယူသွားခဲ့ပြီး ကွန်ပျူတာတစ်လုံးကိုလည်း ယူဆောင်သွားသည်။
၎င်းတို့သုံးဦးကို စစ်ဆေးပြီးနောက် ညနေ (၁၁)နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းထားလိုက်သည်ဟု သတင်းဌာနတာဝန်ရှိသူများက ပြောသည်။
ယင်းသုံးဦးကို ရဲစခန်းတွင် သီးခြားစီ စစ်ဆေးခဲ့ပြီး “ဦးခိုင်မြတ်ကျော် ရှိလား၊ ဘယ်သွားနေလဲ” တို့ကို မေးမြန်းခဲ့ကာ သတင်းရေးသားပုံ၊ တင်ဆက်ပုံ အဆင့်ဆင့်တို့ကိုလည်း စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံခဲ့ရသူ ကိုသိန်းဇော်က DMG သို့ပြောသည်။
“သူတို့ဘက်က ကျနော်တို့ဆီကို လာမယ်လို့လည်း အကြောင်းကြားထားတာလည်း မရှိဘူး။ ရောက်လာတော့ ဦးခိုင်မြတ်ကျော်ရှိလားလို့ မေးတယ်။ သူမရှိတော့ ကျနော်တို့ကို အမှတ်(၁) ရဲစခန်းကို ခေါ် သွားတယ်။ ရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီးတော့ ၁၁ နာရီခွဲလောက်မှာ ပြန်လွှတ်လိုက်တယ်။ သတင်းနဲ့ပတ်သက်ပြီး သတင်းရေးတာ၊ တင်ဆက်တာ။ ဒီသတင်းကို ဘယ်လိုရေးကြပြီး ဘယ်သူက တင်ပေးတာလဲ ဆိုတာကိုလည်း မေးတယ်” ဟု ကိုသိန်းဇော်က ဆိုသည်။
၎င်းတို့သတင်းဌာနကို မည်သည့်အတွက်ကြောင့် အမှုဖွင့်လှစ်ထားသည်ကို မသိရှိရပေ။ သို့သော် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့က အစိုးရကကြေငြာပြီးနောက်ပိုင်း AA ကိုဆက်သွယ်ပြီး သတင်းရေးသားသည့်အတွက် အမှုဖွင့်ခံထားရသည်ဟု သိထားကြောင်း ရုပ်သံအယ်ဒီတာ ကိုနောင်ခိုင်အောင်က DMG သို့ပြောသည်။
“ကျနော်တို့က သတင်းသမားတွေဖြစ်တယ်။ အမှန်တရားကို တင်ပြရမယ်။ ဘက်မျှအောင်လုပ်ပြရမယ်။ ဒါမှသတင်းတစ်ပုဒ်ဖြစ်မယ်။ ကျနော်တို့က သူတို့ (AA) နဲ့ ဆက်သွယ်တယ်ဆိုတာ သူတို့ကို အားပေးတာမဟုတ်ဘူးလေ။ ဒါကို နားလည်ဖို့တော့လိုတယ်။ တပ်မတော်နဲ့ AA နဲ့ ဖြစ်တယ်ဆိုရင် နှစ်ဘက်လုံးကို မေးမြန်းရမှ သိရမယ်လေ” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ သတင်းဌာနကို အမှုဖွင့်ခြင်းမှာ သတင်းသမားများ သတင်းရေးသားမှုနည်းပါးစေရန်နှင့် စိုးရိမ်ကြောက်လန့်မှုများ ရှိလာစေရန် လုပ်ဆောင်နေခြင်းနှင့် တူနေသည်ဟု DVB သတင်းထောက် ဝဏ္ဏခွာညိုက ဝေဖန်သည်။
နိရဉ္စရာသတင်းဌာန ဝက်ဘ်ဆိုက်ကိုလည်း ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ဆက်သွယ်ရေးအော်ပရေတာများက ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ပင်သည်။ အလားတူ Development Media Group(DMG) ၏ ဝက်ဘ်ဆိုက်ကိုလည်း ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ပိတ်ပင်ထားသည်။
ယင်းသတင်းဌာနနှစ်ခု၏ ဝက်ဘ်ဆိုက်ကို ဖုန်းအင်တာနက်မှဝင်ရောက်ကြည့်ရှုလျှင် “လူကြီးမင်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(မြန်မာနိုင်ငံ)၏ ညွှန်ကြားချက်အရ ပိတ်ပင်ထားသည့် စာမျက်နှာကိုဝင် ရောက်နေခြင်းဖြစ်သည်” ဟုသာ ပေါ်နေသည်။
နိရဉ္စရာသတင်းဌာနနှင့် Development Media Group(DMG)တို့သည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးသတင်းများ ကို အဓိက ဖော်ပြနေသည့်သတင်းဌာနများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလကလည်း Development Media Group(DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် တာဝန်ရှိသူများကို သတင်းတပ်ဖွဲ့(SB)က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၂)ဖြင့် အမှုဖွင့်ထားသည်။
မတ်လ ၃၀ ရက်နေ့ကလည်း မန္တလေးအခြေစိုက် Voice Of Myanmar(VOM)သတင်းဌာန၏ အယ်ဒီတာချုပ် နေမျိုးလင်းကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)တို့ဖြင့် မှုခင်းသတင်းတပ်ဖွဲ့မှ အမှုဖွင့်ခဲ့သည်။
ထို့ပြင် မတ်လ ၃၁ ရက်နေ့၊ည (၁၀)နာရီခွဲအချိန်တွင် ရန်ကုန်ခေတ်သစ်မီဒီယာ၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ နေအိမ်သို့ ရဲ၊ CID တို့က လာရောက်စစ်ဆေးခဲ့သည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဧပြီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
{Unicode}
https://www.facebook.com/dmgnewsagency/posts/1659870830831988?__tn__=-R
No comments:
Post a Comment