Wednesday, April 29, 2020

လွှတ်တော်အမတ် ၂ ဦး ဆောက်နေသည့် ရသေ့တောင်စစ်ရှောင်စခန်းကို ရခိုင်ပြည်နယ်အစိုးရဟန့်တား

ရသေ့တောင်မြို့နယ်တွင် လွှတ်တော်အမတ် ၂ ဦး ဦးဆောင်ကာဆောက်လုပ်နေသည့် စစ်ဘေးရှောင်စခန်းကို ဆက်လက်ဆောက်လုပ်ခြင်းမပြုရန် ရခိုင်ပြည်နယ်အစိုးရက ဧပြီ ၂၉ တွင် ညွှန်ကြားစာထုတ်ပြန်ကာ တားမြစ်လိုက်သည်။
စစ်တွေခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌထံ လိပ်မူထားသည့်အဆိုပါညွှန်ကြားစာတွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်နေသည့် စစ်ရှောင်စခန်းကို အချိန်မီတားဆီးရန်ဟုဖေါ်ပြထားပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လက်မှတ်ထိုးထားသည်။
ရသေ့တောင်မြို့အစွန်နားတွင်တည်ဆောက်နေသည့် အဆိုပါစစ်ရှောင်စခန်းကို ပြည်နယ်လွှတ်တော်အမတ် ဦးသန်းနိုင်နှင့်၎င်းတို့ ဦးဆောင်ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။
ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရသည့် စစ်ရှောင်များအတွက်ရည်ရွယ်၍ ပြည်သူများ၏ အလှူငွေများနှင့်ဆောက်လုပ်နေခြင်းဖြစ်ပြီး ပြည်နယ်အစိုးရ၏ တားမြစ်မှုအပေါ် အံ့သြမိသည်ဟု ၎င်းက ပြောသည်။
“ခက်ခဲနေတဲ့ပြည်သူတွေအတွက် စေတနာနဲ့လုပ်တာကို အခုလိုတားမြစ်ခံရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်” ဟု ၎င်းကဆိုသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ရှောင် နှစ်သောင်းဝန်းကျင်ရှိနေပြီး အဆိုပါစစ်ရှောင်များထဲမှ နေထိုင်ရေးခက်ခဲသည့် စစ်ရှောင်များအတွက်ရည်ရွယ်ကာ ယခုကဲ့သို့ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဝေကပြောသည်။
ရသေ့တောင်အခြေစိုက် စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့များ၏ အချက်အလက်များအရ တစ်မြိုနယ်လုံးတွင် စစ်ရှောင် သုံးသောင်းဝန်းကျင်ခန့်ရှိနေပြီး ရသေ့တောင်မြိုပေါ်တွင် နှစ်သောင်းခန့်ရှိကာ စစ်ရှောင်စခန်း ၁၅ ခုတွင် နေထိုင်နေရကြောင်းဆိုသည်။
မြိုပေါ်စစ်ရှောင်စခန်းအားလုံးလိုလိုမှာ ဘုန်းတော်ကြီးကျောင်းများတွင်ဖြစ်ပြီး လတ်တလောတွင် အစားအသောက်လောက်သော်လည်း နေရာထိုင်ခင်းအခက်အခဲရှိကြောင်း၊ မိုးကာစများကို ကာရံ၍နေထိုင်နေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များကဆိုသည်။
စာထုတ်တားမြစ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဖုန်းနှင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စစ်ရှောင်များအရေး တစ်စိုက်မတ်မတ်ကူညီလုပ်ဆောင်နေသည့် ရသေ့တောင်မြို့ခံတစ်ဦးကတော့ ဆောက်လုပ်နေသည့် စစ်ရှောင်စခန်းအနီးတွင် တပ်မတော်တပ်ရင်းတစ်ခုရှိနေသည့်အတွက် တပ်မတော်၏ လုံခြုံရေးနှင့် စစ်ရှောင်များ၏ လုံခြုံရေးအတွက် တားမြစ်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။
အဆိုပါစစ်ရှောင်စခန်း၏ ဘေးတွင် တောင်လှမော်တောင်ရှိပြီး အဆိုပါတောင်ပေါ်တွင် တပ်မတော်တပ်ရင်း ၅၃၈ ကလုံခြုံရေးယူထားပြီး စစ်ရှောင်စခန်းမှာ တောင်အောက်ခြေတွင်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
လတ်တလောတွင် လုံခြုံရေးဝန်ထမ်းများနှင့် လာရောက်ဖယ်ရှားခြင်းမရှိသေးသော်လည်း စစ်ရှောင်စခန်း၏ ရှေ့ရေးနှင့် ပတ်သက်ပြီးမည်သို့ဆက်လုပ်မည်ကို စခန်းတည်ဆောက်ရေး ဦးဆောင်သူများ ဆွေးနွေးဆုံးဖြတ်ရန်ရှိကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
ပြည်နယ်အစိုးရ၏ အချက်အလက်များအရ ရခိုင်ပြည်နယ်မှ မြို့နယ် ၆ မြို့နယ်တွင် စစ်ရှောင်စခန်း ၇ ခုဆောက်လုပ်ပေးထားပြီး လိုအပ်ပါက ဆက်လက်ဆောက်လုပ်ပေးနိုင်ရန် စီစဉ်နေသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ နိုဝင်ဘာမှ စတင်လာကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြိုနယ်နှင့် အနီးတစ်ဝိုက်တွင် မကြာခဏတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ် မယူမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ စစ်ဘေးဒဏ်အများဆုံးခံစားကြရပြီး ထိုရွာများမှ စစ်ရှောင်ကြသူအများစုမှာ ရသေ့တောင်မြိုပေါ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ မတ် ၃၁ ရက်က ထုတ်ပြန်သည့် အချက်အလက်များအရ ရခိုင်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်တွင် စစ်ရှောင်အရေအတွက် ၁၅၇၂၉၁ အထိရှိနေသည်။

No comments:

Post a Comment