စစ်တွေတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်ပေါ်
ကျော်သူဌေး | DMG
ဧပြီ ၂၉ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အဝေးပြေးကားလမ်း ပိတ်မှုများ မကြာခဏဖြစ်ပေါ်နေရကာ လက်ရှိမှာ ကုန်ကားများမရောက်ရှိသဖြင့် စစ်တွေမြို့တွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်ပေါ်နေရကြောင်း စားကုန်ဆိုင်ရှင်များထံမှ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းသို့လာသည့် ရန်ကုန်၊ မန္တလေးဘက်မှကုန်ကားများ မရောက်ရှိသဖြင့် စစ်တွေမြို့မှ ဈေးဆိုင်များတွင် ဆီ၊ ကြက်သွန်စသည့် စားကုန်ပစ္စည်းများ ပြတ်လပ်မှုများရှိနေကြောင်း ဈေးဆိုင်ရှင်တစ်ဦးက ပြောသည်။
“ဆီတို့၊ ကြက်သွန်တို့ဆိုရင် လုံးဝကို ဝယ်လို့မရတော့ဘူး။ စားစရာမုန့်တွေဆိုရင်လည်း နည်းသွားတယ်။ ကုန်ပစ္စည်းတွေအကုန်လုံး ပြတ်လုနီးပါး ဖြစ်နေပါပြီ။ အခုက ရှိတာလေးတွေကို ရောင်းနေရတယ်” ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ရောင်းချနေသူ ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။
စစ်တွေမြို့တွင် ကုန်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးတို့မှ မှာယူရောင်းချနေခြင်းဖြစ်ကာ ဧပြီလ ၂၀ ရက်နေ့က စတင်ပြီး ကုန်ပစ္စည်းများမှာ ပြတ်လပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကုန်ပစ္စည်းများပြတ်လပ်မှုရှိနေသဖြင့် ကားလမ်းပိတ်ဆို့မှုများမဖြစ်ပေါ်စေရန်လိုကြောင်းလည်း ကုန်စုံဆိုင်ပိုင်ရှင်များမှ ပြောသည်။
“ပစ္စည်းပြတ်တာက ဒီတစ်ပတ်ဆိုရင်နှစ်ပတ်ရှိပါပြီ၊ ဘာပစ္စည်းမှ မရှိတော့ဘူး။ မရှိတော့ နယ်ကလူတွေလည်း မလာတော့ဘူး။ ဈေးထဲမှာလည်း လူမရှိတော့ဘူး။ ပစ္စည်းတွေကို ကားနဲ့ပဲယူရတာဆိုတော့ ကားမလာရင် ပြတ်ပြီပေါ့” ဟု စစ်တွေဈေးကြီးမှ ကုန်စုံဆိုင်ပိုင်ရှင် ဦးဆန်းဦးကပြောသည်။
ထို့အပြင် စစ်တွေမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင်လည်း အောက်တိန်းနှင့် ဓါတ်ဆီများ ပြတ်လပ်မှုဖြစ်ပွား လျက်ရှိရာ စက်သုံးဆီဈေးနှုန်းများမှာလည်း မြင့်တက်မှုများရှိနေသည်။
ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းရှိ မင်းပြား - အမ်းလမ်းပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။
ထို့ပြင် မင်းပြားမြို့အနီး ကားလမ်းမပေါ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကားအပါအဝင် အခြားကားများလည်း ပစ်ခတ်ခံရသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့သည်။
{Unicode}
Website link >>> https://bit.ly/2Ydxctw
https://www.facebook.com/dmgnewsagency/photos/a.466679383484478/1684786995007038/?type=3&__tn__=-R
No comments:
Post a Comment