Wednesday, April 29, 2020

ရသေ့တောင်ဒေသခံတစ်ဦး မိုင်းထိမှန်

ရသေ့တောင်ဒေသခံတစ်ဦး မိုင်းထိမှန်

နှင်းနွယ် | DMG
ဧပြီ ၂၉ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သာစည်ကုန်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ တောင်တန်းတွင် ယနေ့ နံနက် ၇ နာရီခန့်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိုင်းထိမှန်သွားသူမှာ သာစည်ကုန်းကျေးရွာနေ ဦးမောင်သန်းတင် ၅၀ နှစ်ဖြစ်ပြီး ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးမောင်သန်းတင်သည် မိမိ၏ကွမ်းခင်းအတွက် လိုအပ်သည့်ဝါးများခုတ်ရန် အနီးရှိတောင်ပေါ်သို့ အခြားလူ ၁၀ ဦးခန့်နှင့်အတူသွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက ဝါးခုတ်မယ်ဆိုပြီး အိမ်ကထွက်သွားတာ။ ပထမတော့ သူကကျောက်တုံးက ခြေလျှော်ကျပြီး မိုင်းထောင် ထားတဲ့ကြိုးကို အရင်နင်းမိတယ်။ နောက်တော့ ဘယ်လိုမှရှောင်မရဘဲ မိုင်းပေါက်သွားတော့ ဒဏ်ရာရရ သွားတာပေါ့” ဟု ကိုမင်းသိန်းက ပြောသည်။

သာစည်ကုန်းကျေးရွာသားများမှာ အဆိုပါတောင်အား အမှီပြုပြီး လုပ်ကိုင်စားသောက်နေခြင်းဖြစ်ကာ ယခုကဲ့သို့ တောင်ပေါ်တွင် မိုင်းထောင်ထားမှုများရှိနေသဖြင့် တောင်ပေါ်သွားရန် စိုးရိမ်နေရကြောင်း ကျေးရွာသားများက ဆိုသည်။

မိုင်းထိမှန်မှုကြောင့် ဦးမောင်သန်းတင်တွင် ညာဘက်ရင်အုံနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိမှာ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မိုင်းထောင်ခြင်းများရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိ ပြုရန်လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“တစ်ချို့စစ်ဘေးရှောင်စခန်းကလူတွေက သူတို့မှာကျန်ခဲ့တဲ့ ကျွဲ၊နွားတွေ၊ စားစရာတွေ၊ အိမ်သုံးပစ္စည်းတွေကို သွားယူချင်ပေမယ့် မိုင်းကိုကြောက်ပြီးတော့ မသွားရဲကြဘူး။ အရင်သွားယူတဲ့လူတွေဆိုလည်း မိုင်းနင်းမိပြီးတော့ သေသွားသူတွေလည်းရှိသလို ခြေထောက်ပြတ်သွားတဲ့သူတွေလည်း ရှိတာကြောင့် မသွားရဲဘူးဆိုပြီးတော့ ပြောတာတွေရှိတယ်” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီး တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိနေသည်။ ထိုသို့ သေဆုံး မှုများထဲတွင် စစ်ကျန်လက်နက်များပေါက်ကွဲမှု၊ ထောင်ထားသည့်မိုင်းများ ပေါက်ကွဲမှုတို့ကြောင့်လည်း အရပ်သားထိခိုက်မှုမှာ ပိုမိုမြင့်တက်လာနေရသည်။

{Unicode}












Website link >>> https://bit.ly/35cQBMS
Image may contain: text

https://www.facebook.com/dmgnewsagency/photos/a.466679383484478/1684920384993699/?type=3&__tn__=-R

No comments:

Post a Comment