ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ခြင်းမပြုရဆိုသော အမိန့်လိုက်နာရေး ကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ စစ်ဘေးရှောင်စခန်းများေ ဆာက်လုပ်ခြင်းမပြုရဆိုသော ဒေသန္တရ အမိန့်ကို လိုက်နာရေး ကြပ်မတ်ဆောင်ရွက်ရန် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များကို ပြည်နယ်အစိုးရက ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ဧပြီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း လက်မှတ်ရေးထိုး ထုတ်ပြန်သော ညွှန်ကြားစာတွင် ပြည်နယ်အစိုးရအဖွဲ့က မြို့နယ် ၆ ခုတွင် တိုက်ပွဲရှောင်စခန်း ၇ ခု တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း၊ ထပ်မံ လိုအပ်ပါကလည်း တည်ဆောက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တိုက်ပွဲရှောင်စခန်းများ များပြား ကျယ်ပြန့်စွာ တည်ရှိမှု မရှိစေရန် ၊ လုံခြုံရေးအတွက် လည်းကောင်း တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အစုအဖွဲ့ အနေဖြင့်လည်းကောင်း စခန်းများ တည်ဆောက်ခြင်းမပြုရန် အကြောင်းကြားပြီးဖြစ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။
လက်ရှိ ရသေ့တောင်မြို့နယ်အတွင်းတွင် ပြည်နယ်အစိုးရ ခွင့်ပြုချက်မရှိဘဲ တိုက်ပွဲရှောင်စခန်း ဆောက်လုပ်ရန် စီစဉ်နေကြောင်း အခြားသတင်းများအရ သိရှိရသဖြင့် အဆိုပါ ဆောက်လုပ်ရန် စီစဉ်နေမှုများ အချိန်မီ တားဆီးသွားရန်၊ ထုတ်ပြန်ထားရှိသည့် ဒေသန္တရအမိန့် အတိုင်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
"အစိုးရခွင့်ပြုချက်မရဘဲ မဆောက်နဲ့ဆိုတာက အခုလည်း အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အစိုးရဆီက ဘတ်ဂျက်ရလို့ ဆောက်နေတာမဟုတ်ဘူး။ ငါတို့ ဘူးသီးတောင်မှာ ဆောက်တဲ့ဟာဆိုရင် ပြည်နယ်အစိုးရဆီက တစ်ပြားမှ မပါဘူး။ ကိုယ့်ဟာကိုယ် အလှူရှင်နဲ့ ဆောက်ကြတယ်။ ပတ်ဝန်းကျင်က လှူတာတွေနဲ့ ဆောက်ကြတယ်။ အစိုးရ ညွှန်ကြားချက်စောင့်စရာမလိုဘူး။ အဲဒီအိမ်မရှိရင် ဘယ်မှာနေမလဲ။ ကြပ်မတ်ဆောင်ရွက်မယ်ဆိုရင်လည်း သူတို့ဌာနဆိုင်ရာတွေကို အရေးယူပေါ့ ဒါပဲရှိတယ်။ ကျနော်တို့ကတော့ ဒုက္ခသည်တွေရောက်လာရင် နေရာရှာပြီးတော့ ဆောက်ပေးဖို့ အားလုံး ဝိုင်းပြီးတော့လုပ်ကြရမှာပဲ။ ခွင့်မပြုရင်လည်း နေစရာ ထိုင်စရာ သူတို့မှ မပေးတာ။ မပေးရင် ကိုယ့်ဟာကိုယ်ဆောက်ကြမှာပဲ" ဟု ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိခြင်းနှင့် တာဝန်ခံ ဖြေဆိုမည့်သူမရှိခြင်း တို့ ကြောင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက် ရယူနိုင်ခြင်းမရှိပါ။
ပုံစာသား- ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခု။ ဓာတ်ပုံ- REC
https://www.facebook.com/khitthitnews/photos/a.386800725090613/906440029793344/?type=3&__xts__%5B0%5D=68.ARADG5lY5F5B8oONcMcsh--Yu0QMP0tZCQV0---NRZFJsR79v7daXN3Rrw-sVcW1WX1A8gSKZetOficthSXPzuW9wxdZhMS7LdCtoEApkdTx1IjfabPkiyrzwNNsIA60cFVO3ylnnKsEyOn9gZ8XU9_NBrWZw-YZBjWQRIGQn5A71m7t5JEAhXC80hrLVFOo9A9Hxk851LQC7PVYGo0ddGljeGKeacYA3TEOL8ZWOYNDrAiMgVt35BalpW3i--dQvhdhKkzSV7zAQma7Njjzj7p4mRAIVAdYvIZB0A1gwRbrw9Fd1MUh0_oST-J2GD8xND9Gn-r1bsYUFpOo1Mgef1I&__tn__=-R
No comments:
Post a Comment