ကိုဗစ်ကင်းစင်ချိန် ရေငုပ်သင်္ဘောလက်ခံဖို့ပြင်ထားတယ်လို့ တပ်မတော်ပြော

မြန်မာနိုင်ငံအတွက် အိန္ဒိယက ပြန်လည် မွမ်းမံတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောက ပြီးစီးသွားပြီဖြစ်ပြီး လွှဲပြောင်းပေးဖို့ အဆင့်သင့် ဖြစ်နေပေမယ့် ကိုဗစ်ကာလကြောင့် သင်္ဘောကို လက်ခံယူဖို့ မြန်မာက ရက်ရွှေ့ဆိုင်းထားရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒီရေငုပ် သင်္ဘောက ကီလိုအတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။
ဒီသင်္ဘောကို၂၀၁၉ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ တပ်မတော်ရေ ၇၂ နှစ်ပြည့်မှာ တပ်တော် ဝင်ဖို့ အစီအစဉ်မရှိခဲ့ပေမယ့်လည်း ၇၅နှစ်မြောက်တပ်မတော်နေ့ မတိုင်မီ လက်ခံဖို့ တပ်ဘက်က ပြင်ဆင်ခဲ့တာပါ။
ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေတာကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းနားအပါအဝင် ရေငုပ်သင်္ဘော လက်ခံရေးကိုပါ ရွှေ့ဆိုင်းခဲ့တာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရုရှားက ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းခွင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သွားကြည့်ပြီးနောက် တနှစ်ပြည့်တဲ့အချိန်မှာပဲ မြန်မာနိုင်ငံအနေနဲ့ ရေငုပ်သင်္ဘောတစီးကို ဝယ်ယူကာ လက်ခံဖို့ အဆင့်သင့်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအပြီးထိ ရွှေ့ဆိုင်းထားပေမယ့် ကိုဗစ်ကင်းစင်တဲ့အချိန်ကစပြီး ရေငုပ်သင်္ဘောကို အိန္ဒိယထံကနေ လက်လွှဲယူဖို့ တပ်မတော်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အချိန်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရောက်ရှိလာမယ့် ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက "လေ့ကျင့်ရေးအတွက် ဒါဝယ်တယ်လို့ သိရှိထားတယ်ပေါ့။ နိုင်ငံတကာမှာလည်း ဘယ်နိုင်ငံမှာမှ ရေငုပ်သင်္ဘောမရှိဘဲနဲ့ လှုပ်ရှားတဲ့ ရေတပ်ဆိုတာတော့မရှိဘူးပေါ့။ ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ဖွဲ့ စပြီး တည်ထောင်တယ်ဆိုကတည်းက နောက်ကို နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေမှာ မူတည်ပြီးမှ တိုးချဲ့သွားရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံကလည်း ရရှိတဲ့ ဘတ်ဂျက်အပေါ်မှာ မူတည်ပြီးတော့မှ တိုးချဲ့တည်ဆောက်သွားမယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
ထားမယ့်နေရာကတော့ နိုင်ငံရဲ့ စစ်ရေးအရ လျှို့ဝှက်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ ထုတ်ပြောမှာတော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ရေငုပ်သင်္ဘော မြန်မာရေတပ်ကို မရောက်ရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ၂၀၁၉ ဒီဇင်ဘာလတုန်းက ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ အာဆီယံဒေသတွင်း အကြီးဆုံးစစ်သင်္ဘောတွေထဲမှာ တခုအပါအဝင် ဖြစ်တဲ့ စစ်ရေယာဥ် မုတ္တမက တပ်တော်ဝင်ခဲ့ပါတယ်။ စစ်ရေယာဉ်မုတ္တမကတော့ တိုက်ခိုက်ရေးနဲ့ ကယ်ဆယ် ရေးအစရှိတဲ့ ဘက်စုံသုံး ထောက်ပံ့ရေး စစ်ရေယာဥ် ဖြစ်ပါတယ်။
No comments:
Post a Comment