Monday, March 30, 2020

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးရန်အတွက် Testing Kits ၅၀,ဝ၀ဝ ကို UN က ထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးရန်အတွက် Testing Kits ၅၀,ဝ၀ဝ ကို UN က ထောက်ပံ့မည်
31-Mar-2020
ရန်ကုန်၊ မတ် ၃၀

ကုလသမဂ္ဂက ကိုရိုနာဗိုင်းရပ်စ် Covid-19 စမ်းသပ်စစ်ဆေးရန်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအတွက် Testing Kits စုစုပေါင်း အရေအတွက် ၅၀,ဝ၀ဝ ကို ထောက်ပံ့ရန်ရှိသေးကြောင်း မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

၎င်းအရေအတွက် ငါးသောင်းမှာ UNOPS, UNICEF, WFP နှင့် UNHCR တို့က ပူးပေါင်းထောက်ပံ့ပေးခြင်းဖြစ်ပြီး ယခင် WHO နှင့် မိတ်ဖက်အဖွဲ့အစည်းများမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအား အထောက်အပံ့ပေးခဲ့သော  Testing Kits အရေအတွက် (၃၀ဝ၀) ထက် ထပ်တိုးမှာယူပေးထားခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့အစည်းသည် ဗဟိုအဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်တကွ အခြားသော အစိုးရတာဝန်ရှိသူများနှင့် နီးကပ်စွာ ညှိနှိုင်းဆွေးနွေး၍ Personal Protective Equipment နှင့် အထူးတီထွင်ထားသော ဆေးပစ္စည်းကိရိယာများ ဝယ်ယူပေးခြင်း၊ ကျန်းမာရေး အဆောက်အအုံများ၏ အင်အားများအား တိုးချဲ့ပေးခြင်းအစရှိသော ရောဂါပျံ့နှံ့မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများနှင့်စပ်လျဉ်း၍ အထောက်အပံ့ပေးရန်လိုအပ်မည့် ကဏ္ဍများကို ဖော်ဆောင်ပေးလျက်ရှိသည်။

"ကုလသမဂ္ဂအနေဖြင့် အစိုးရ၏ရောဂါစစ်ဆေးရေးတိုးမြှင့်ဆောင်ရွက်ရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်၍ အထောက်အပံ့ပေးရန် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါတယ်။ ရောဂါစစ်ဆေးခြင်းသည် အစိုးရ၏ Covid-19 ဖြစ်စဉ်များကို အရှိန်အဟုန်တိုးမြှင့် ဖော်ထုတ်နိုင်စေရန် ပဓာနကျပြီး ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရာတွင်လည်း အကူအညီပေးပါတယ်"ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးတာဝန်ခံ Ola Almgren ကပြောသည်။

ယခုအချိန်တွင် ဆုံးဖြတ်ချက် ပြတ်သားသော လုပ်ဆောင်မှုအဆင့်ဆင့်သည် Covid-19 ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးကြောင်း ဖော်ပြနေပြီး ယခုကဲ့သို့သော စိန်ခေါ်မှုများသော ကာလများတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းသည် မြန်မာနိုင်ငံသားအားလုံးနှင့်တကွ တစ်လုံးတစ်စည်းတည်း ရှိနေကြောင်း Ola Almgren ကဆက်လက်ပြောကြားခဲ့သည်။

ယခင်က မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာများကို မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသို့ ပေးပို့စစ်ဆေးခဲ့ရသည်။

No comments:

Post a Comment