Monday, March 30, 2020

AA လက်နက်ကိုင်အဖွဲ့ထံသို့ ရိက္ခာပို့သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိဟုဆို

AA လက်နက်ကိုင်အဖွဲ့ထံသို့ ရိက္ခာပို့သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိဟုဆို
31-Mar-2020
ရန်ကုန်၊ မတ် ၃၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့ထံ ရိက္ခာပို့ဆောင်သည့် စက်လှေတစ်စင်းကို တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက်ပိုင်းက ကုလားတန်မြစ်ကြောင်းအတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူကျေးရွာဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် စစ်ဆေးရန်သွားရောက်ခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စက်လှေသည် တပ်မတော်က ရပ်တန့်ခိုင်းရန်ပြောဆိုမှုကို မောင်းနှင်ထွက်ပြေးသွားသောကြောင့် လက်နက်ငယ်ဖြင့်  ခြောက်လှန့်ဖမ်းဆီးခဲ့ရပြီး အဆိုပါ စက်လှေအားစစ်ဆေးစဉ် ဦးမဲတုတ်ရှည်(ဘ)ဦးမောင်ဖြူ ၊ ဦးသန်းထွန်းမောင် (ဘ)ဦးမဲတုတ်ရှည်၊ ဦးသန်းရွှေမောင် (ဘ)ဦးလှစံမောင် နှင့် ဒေါ်မရှည် (ဘ) ဦးစိုးလှမောင်တို့ လေးဦးကို မသင်္ကာဖွယ် အရက် ၅ ဂါလန်ဆံ့ ၁၃  ပုံး၊ ဒီဇယ် ၅ ဂါလန်ဆံ့ တစ်ပုံး၊ ထင်း ၅ ပေ ခန့် ၁၂၀ ချောင်း၊ ဆား ၁၀ ပိဿာခန့်တို့နှင့် အတူ ထိန်းသိမ်းရမိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိန်းသိမ်းရမိသူများကို ကျောက်တော်မြို့ရှိနယ် မြေခံတပ်သို့ မတ် ၂၄ ရက် တွင်ပို့ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ AA လက်နက်ကိုင်အဖွဲ့အနေနှင့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ (ရခိုင်)နှင့် မာလာကျေးရွာ(မြို)၊ ဒတ်ဖြူကျေးရွာများသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတို့တွင် လာရောက်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား များကိုစုစည်း၍ အစည်းအဝေးပြုလုပ်ကာ ဆက်ကြေးငွေများနှင့် ရိက္ခာများ ပေးဆောင်ရန်ပြောကြားပြီး ဦးသန်းရွှေမောင်အား ယင်းဆက်ကြေးငွေနှင့် ရိက္ခာများကို စုစည်းပို့ဆောင်ရန်နှင့် AA အဖွဲ့က လိုအပ်သည့် စားနပ်ရိက္ခာများကိုပါ ပို့ဆောင်ရန် စေခိုင်းခဲ့ကြောင်း၊ ယင်းသို့သွားရောက်တွေ့ဆုံစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပတ်သက်ဆက်နွှယ်သူ ဦးသန်းရွှေမောင်နှင့် မသင်္ကာဖွယ်သူသုံးဦးကို အသေးစိတ်ထပ်မံစစ်ဆေးရန် ထိန်းသိမ်းထားစဉ် ဦးသန်းရွှေမောင်သည် မတ်လ ၂၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် အဆောက်အအုံနံရံအား မိမိကိုယ်မိမိ ဦးခေါင်းနောက်စေ့ဖြင့် ၁၅ ချက်ခန့်ဆောင့်ခဲ့ပြီး နံနက် ၆ နာရီခွဲ ခန့်တွင် ရုတ်တရက် အသက်ရှူသံပြင်းကာရုန်းကန်နေသဖြင့် နယ်မြေခံဆေးတပ်မှ ဆေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးစဉ် ရုတ်တရက် နှလုံးရပ်တန့်၍ သေဆုံးသွားခဲ့ကြောင်းနှင့် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူနှင့် မသင်္ကာသူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

No comments:

Post a Comment