Thursday, March 26, 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် KNU တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် KNU တောင်းဆို
26-Mar-2020

ရန်ကုန်၊ မတ် ၂၆

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှု အခြေအနေကြောင့် ကြိုတင်ကန့်သတ်ချက်မထားသည့် “တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခြင်းပြုလုပ်ရန် အစိုးရနှင့်တပ်မတော်အား တောင်းဆိုကြောင်း အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID 19) ကူးစက်ရောဂါနှင့်ပတ်သက်၍ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာတွင် ယင်းအချက်ကို ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အတူတကွပါဝင်ကြရန် ပြောကြားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်၏ ပြောကြားချက်ကို KNU အနေနှင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း မြန်မာနိုင်ငံတွင်လည်း ကြိုတင်ကန့်သတ်ချက်မထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် အစိုးရနှင့် တပ်မတော်ကို တောင်းဆိုကြောင်းယင်းကြေညာချက်တွင် ဖော်ပြထားသည်။


ယင်းသို့ကြေညာခြင်းအားဖြင့် အကာအကွယ်မဲ့ဘဝအခြေအနေတွင် ရောက်ရှိနေသည့် ပြည်တွင်းပဋိပက္ခဒေသအသီးသီးရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ယင်းတို့ကို အထူးတာဝန်ယူနေရသည့် အဖွဲ့အစည်းများသည်လည်း ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်လာနိုင်မည်ဖြစ်ကြောင်း KNU ကဆိုသည်။

အလားတူ ယင်းသို့ကြေညာခြင်းက မည်သူ့ကိုမျှချန်လှပ်မထားသည့် “အမျိုးသားပြန်လည်သင့်မြတ်ရေး”ကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင်လည်း ကြီးမားသည့်တန်ဖိုးမဖြတ်နိုင်သော ထောက်ကူပံ့ပိုးမှုများ ဆောင်ကျဉ်းလာမည်ဖြစ်ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လူထုအတွင်း ဗိုင်းရပ်စ်ပိုးပြန့်ပွားခြင်းအား ထိရောက်စွာတားမြစ်ကာကွယ်မှုများ ဆောင်ရွက်ရာတွင် KNU နှင့် သက်ဆိုင်သည့် အပစ်အခတ်ရပ်စဲထားသည့် ဒေသများအတွင်းရှိ ပြညသူလူထုများနှင့် ဌာနေတိုင်းရင်းသားများ၏ ကျန်းမာရေးဆိုင်ရာ ပညာပေးရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို NCA အခန်း(၆) အပုဒ် ၂၅ နှင့်အညီ KNU ၏ ကျန်းမာရေးဌာနနှင့် ညှိနှိုင်းလုပ်ဆောင်ရန်ကိုလည်း အစိုးရအား တိုက်တွန်းသည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးအနေနှင့်လည်း နယ်မြေခံတပ်ရင်းအသီးသီးတွင် ကိုရိုနာဗိုင်းစ်နှင့် ပတ်သက်သည့် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ကာကွယ်မှုများပြုလုပ်ကြရန် WHO မှ ထုတ်ပြန်ထားသည့် စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဗဟိုကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေကို ပြင်ပခရီးသွားများ ဝင်ရောက်လည်ပတ်မှုကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ရပ်ဆိုင်းထားခဲ့ပြီး ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ကျောက်ကြီးမြို့နယ်အနီး KNU လက်နက်ကိုင်အဖွဲ့များအခြေစိုက်ရာ စပ်လဲရေတံခွန်နှင့် သံတောင်ကြီးမြို့နယ် နော်ဘူဘောတောင်တို့ကို ခရီးသွားလည်ပတ်ခွင့်ကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ရပ်ဆိုင်းထားလိုက်ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

COVID 19 ရင်ဆိုင်နေသည့်ကာလအတွင်း တစ်ကမ္ဘာလုံးမှစစ်ပွဲများ အပစ်အခတ်ရပ်စဲပေးပါရန်နှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်ထားခြင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလမ်းကြောင်းများ ဖွင့်ထားခြင်း၊ သံတမန်ခင်းအရ ညှိနှိုင်းမှုလမ်းကြောင်းများ ဖွင့်ထားပေးရေး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားခဲ့သည်။

No comments:

Post a Comment