မြန်မာနိုင်ငံတွင်း စစ်ရေး ပဋိပကတွေ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြား နေရပ်စွန့်ခွါထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ၃၅၀,၀၀၀ လောက်ရှိနေပြီး အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့နိုင်ခြေရှိတာကို ဟန့်တားဖို့ အစီအစဉ်တွေ အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW က ဒီကနေ့ ပြောပါတယ်။
စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေ အဆမတန်များနေတာ၊ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ထားတာ၊ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေကို ပိတ်ပင်ထားတာ၊ အသွားအလာတွေတားမြစ်ထားတာတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေ အများအပြားရှိတဲ့ ပြည်နယ်တွေဖြစ်တဲ့ ရခိုင်၊ ကချင်၊ရှမ်း၊ ချင်းနဲ့ ကရင် ပြည်နယ်တွေမှာ ရောဂါကူးစက်နိုင်ဖို့ အခွင့်အလမ်းပိုများ နိုင်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု စနစ်အားနည်းတဲ့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေရှိတာကို စိုးရိမ်နေကြတာပါ။ နိုင်ငံတွင်း စစ်ဘေးရှောင်စခန်းတွေက ဒုကသည်တွေအဖို့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသလို၊ သန့်ရှင်းမှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အပြင်တခြား လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း မရရှိကြပါဘူး။ ဒုက္ခသည် အများစုမှာ နဂိုကျန်းမာရေး အခံအားနည်းသလို နာတာရှည်ရောဂါဖြစ်ပွါးနေသူတွေလည်း ရှိတဲ့အတွက် ရောဂါကူးစက်မှုဒဏ်ကို အဆိုးဆုံးခံရနိုင်ပါတယ်။
မြန်မာအစိုးရအနေနဲ့ စစ်ရှောင်စခန်းတွေအတွက် COVID-19 ရောဂါထိန်းချုပ်ရေး စီမံချက်တွေ အကြမ်းမျဉ်း ချမှတ်ထားတယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက ပြောပေမဲ့ ဒီ စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ မရှိသလို လမ်းညွှန်ချက်တွေ ချမှတ်ပေးတာလည်း မရှိသေးဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက HRW ကို ပြောပါတယ်။
အာဏာပိုင်တွေအနေနဲ့ စစ်ရှောင်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေအတွက် သတင်းအချက်အလက်တွေ ရရှိဖို့၊ ထောက်ပံ့ရေး ပစည်းတွေရဖို့၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ရောဂါပိုးကူးစက်မှုရှိ၊ မရှိ အလျင်အမြန်စစ်ဆေးနိုင်ဖို့နဲ့ ရောဂါလက္ခဏာပြတဲ့ သူတွေကို သီးခြားခွဲထားဖို့ စတာတွေကို သေသေချာချာ လုပ်ဆောင်ပေးဖို့လိုအပ်နေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်ရှင်။
No comments:
Post a Comment