AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို KIO လိုင်ဇာဌာနချုပ်မှာ လက်မခံဖို့ တပ်မတော်က ဖိအားပေးလာတာဟာ ပြည်တွင်းစစ်အဆုံးသတ်ဖို့ နည်းလမ်းမှန်မဟုတ်ဆိုပြီး KIO ဘက်က တုံ့ပြန်ထားတဲ့ အကြောင်း တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ကိုနိုင်ကွမ်းအိန် သတင်းပေးပို့ထားပါတယ်။
မြန်မာအစိုးရကနေ တရားမဝင်နဲ့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို KIO အနေနဲ့ သူ့ဌာနချုပ်မှာ လက်ခံမထားဖို့ဆိုပြီး မတ်လ ၂၃ ရက်နေ့က မြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေကနေတဆင့် KIO ကို ဖိအားပေးပြောဆိုလာတာပါ။
နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ လုံးပမ်းနေချိန်မှာ အခုလို လုပ်ရပ်ဟာ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ယူဆတဲ့အကြောင်း ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။
“မတ်လ၂၆ ရက်နေ့က မပခကို စာနဲ့ ပြန်ပြီးတော့ အကြောင်းကြားတာ ရှိပါတယ်။ ကျနော်တို့ KIO ကတော့ မြောက်ပိုင်းမဟာမိတ်တွေပေါ့။ အားလုံးမှာတော့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့နည်းလမ်းနဲ့ပဲ ကျနော်တို့က အဖြေရှာသွားဖို့ ကျနော်တို့ ကြိုးပမ်းနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ AA ကို လိုင်ဇာမှာ မထားဖို့ဆိုတဲ့ နည်းလမ်းကတော့ ကျနော်တို့ရဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ဆိုတဲ့ အပိုင်းကနဲ့ ပြန်စဉ်းစားရင်တော့ တကယ့်နည်းလမ်းမှန်တော့မဟုတ်ဘူးလို့ ကျနော်တို့ ယူဆတဲ့အကြောင်းတွေ စာပြန်ထားတာ ရှိပါတယ်။”
AA အဖွဲ့ဟာ UWSA ၀တပ်ဖွဲ့ဦးဆောင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်ရေးကော်မီတီ အဖွဲ့ဝင်ဖြစ်တာကြောင့် KIO ရဲ့ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်တိုင်းကို ပေးပို့ထားတယ်လို့ သူကဆိုပါတယ်။
တကယ်လို့ KIO နယ်မြေမှာ AA ရှိရင် တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွရှိလာနိုင်တယ်လို့ တပ်မတော်ဘက်က ပြောဆိုခဲ့ပါတယ်။
KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းတာဟာ အကျိုးမရှိဘူးလို့ ဆို ပါတယ်။
“စစ်ရေးနဲ့ ဖြေရှင်းတဲ့ကတော့ မှန်တဲ့နည်းလမ်း မဟုတ်ဘူးလို့ ကျနော်တို့ သဘောထားတယ်။ တပ်မတော်ကတော့ ဒီအချိန်ခါမှာပဲ စစ်ဆင်ရေးကိုပိုပြီးမှ လုပ်ဆောင်မယ်ဆိုတာကတော့ ကျနော်တို့ရဲ့ ပြည်သူလူထုအတွက်ရော တိုင်းရင်းသားတွေအတွက်ရော အားလုံးအတွက် အပေါင်းလက္ခဏာတော့ မဆောင်ဘူးပေါ့နော်။”
မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်း အဖြစ်ပါ အစိုးရကနေ မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်သူတွေအနေနဲ့ ဥပဒေအကြောင်းအရာအရ ငြိစွန်းနိုင်တယ်လို့ပြောပါတယ်။
“ကျနော်ပြောနိုင်တာကတော့ ဒီအကြမ်းဖက်ဥပဒေမှာ AA အဖွဲ့နဲ့ ပတ်သက်နေတဲ့အဖွဲ့အစည်းတွေ AA အဖွဲ့နဲ့ ပတ်သက် နေတဲ့ဟာတွေလဲ ဒီဥပဒေအရက ဥပဒေအကြောင်းအရာနဲ့ ငြိနိုင်တယ်လို့ပြောချင်တယ်။”
လက်ရှိမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ TNLA တအာင်း ပလောင်တပ်ဖွဲ့ ကိုးကန့် အဖွဲ့ MNDAA တို့နဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာမှုပိုပြင်းထန်လာသလို အရပ်သားတွေ ထိခိုက်မှုကလည်း ပိုများလာနေတာပါ။
ဒီနေ့မနက်မှာ စစ်ရေးတင်းမာနေဆဲ မင်းပြားမြို့နယ် ဖါးမြိုရွာမှာ မီးရှိှု့ခံရပြီး လူ၂ ဦးသေဆုံးခဲ့တယ်လို့ ဖါးပြိုရွာခံတဦးက ပြောပါတယ်။
“ဖါးပြိုရွာအခြေအနေကတော့ မနက်က ၉ နာရီခွဲလောက်က မီးစလောင်တာလေ။ ဘာဖြစ်လို့လောင်တာလဲဆိုတော့ BIA (မြန်မာစစ်တပ်ကို ဒေသခံတွေအခေါ်) ဘက်ကနေပြီးတော့ မီးရှိှု့တာ။ မြန်မာစစ်တပ်ဘက်က။ အိမ်ခြေ ၁၁ ဆောင် လောင်သွားတယ်။ လူကတော့ ၂ ယောက် သေသွားတယ်။ တယောက်က လည်ပင်းကိုဒါးနဲ့လှီးပြီး မီးပုံထဲကို လွှင့်ပစ် ပစ်တာ။ တပ်ကြပ်ကြီး တယောက်က။ နောက်တယောက်က အဖွါးကြီး သူကသွားမရဘူး။ လေဖြတ်နေတာလေ။ မီးလောင်တာမှာပါ သွားတာ။”
ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာ ရရှိမှုတွေ များပြားလာနေသလို လက်ရှိလူဦးရေ ၁၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ AA အပါဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ဖေဖေါ်ဝါရီလကတည်းက တွေ့ဆုံ ဆွေးနွေးမှု ရပ်တန့်နေပါတယ်။ အခုလက်ရှိ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ရော၊ မတရားအသင်း အဖြစ်ပါ ထပ်မံကြေညာ ထားတဲ့အတွက် ငြိမ်း ချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဟာ ခက်ခဲလာမဲ့အခြေအနေကြောင့် ရခိုင်ဒေသအတွင်း စစ်ရေးပိုမိုပြင်းထန်လာမဲ့ အနေအထားမှာ ရှိနေပါတယ်။
No comments:
Post a Comment