Friday, March 27, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက် COVID -19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများနှင့် ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက် COVID -19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းများနှင့် ဆွေးနွေး

နေပြည်တော် မတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရာ စွန့်ခွာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မြို့နယ်ပေါင်း(၂၄)မြို့နယ်၊ စခန်းစုစုပေါင်း(၁၂၈)ခုမှာ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ (၁၈၄,၃၃၃)ဦး နေထိုင် လျက်ရှိပါကြောင်း၊ အဆိုပါ ပြည်တွင်း နေရပ်စွန့်ခွာ သူများအတွက်လိုအပ်သည့် အခိုအကာ၊ စားရေရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသောအသက်မွေးဝမ်းကျောင်းကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု၊ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုနှင့် စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စခန်းများမှာနေထိုင်ကြသော ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါ ဘေးနှင့်စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီမံချက်တစ်ခုကိုရေးဆွဲထားပြီးဖြစ်ကြောင်း၊  စီမံချက်ရေး ဆွဲရာတွင် နိုင်ငံတကာလူသားချင်းစာနာကူညီမှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှု ဆိုင်ရာစံချိန်စံညွှန်း များ၊ Inter-Agency Standing Committee က စခန်းတွင်နေထိုင်ကြသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့် ကြားဖြတ် လမ်းညွှန်ချက်များကို လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ထားပါကြောင်း၊ ယခုရေးဆွဲထားသည့် စီမံချက်မှာ လည်း လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်ကာလပေါ်မူတည်ပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်သည့် (Living Document) တစ်ခုဖြစ်ကြောင်း၊ စီမံချက် ရေးဆွဲရာတွင် စခန်းများတွင်နေထိုင်ကြသည့် နေရပ်စွန့်ခွာသူများအကြားCOVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများတိုးပွားစေရန်၊ စခန်းများတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အစီအမံများ ကြိုတင်ချမှတ် ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါ အတွက် ကြိုတင်ပြင်ဆင် ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရာတွင် ဆက်စပ်ပတ်သက်သူ(Stakeholders)  များအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန် စသည့်ရည်ရွယ်ချက် (၃) ခုဖြင့်ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များကို အကောင် အထည် ဖော်ရန်  COVID-19 ကူးစက် ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု တားဆီး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ၏ရောဂါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံများ ထားရေး၊ စီမံချက်အကောင် အထည်ဖော်ရာ တွင် လိုအပ်သော အရင်း အမြစ်များရရှိရေး၊ စီမံခန့်ခွဲရေးနှင့်  ညှိနှိုင်းပေါင်းစပ်ရေး၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး သတင်းအချက်အလက်အပေါ် အခြေခံသော စီမံခန့်ခွဲမှု တွင် စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း စသည့် လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု Video Conferencing တွင် ယာယီခိုလှုံရာ စခန်းများတည်ရှိသည့် ပြည်နယ်(၄)ခုမှ ဦးစီးမှူးများ ပါဝင်သည့်အတွက် လက်တွေ့ မြေပြင် ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါ ပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကိုသက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊  စခန်းစီမံ ခန့်ခွဲမှုကော်မတီများ၊  မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက COVID-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေး အတွက် တစ်နိုင်ငံလုံးပါဝင်အောင် အစိုးရဘက်ကကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့်ပဋိပက္ခဒေသများတွင် နေထိုင်နေကြရသူများ၊ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်လူအုပ်စုများအားလုံးကို ထည့်သွင်းစဉ်းစားပေးရန်လို အပ်ပါကြောင်း၊ မိမိတို့ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် လည်း အဆိုပါဒေသများရှိ အမှန်တကယ်လိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အဆိုပါနေရာဒေသများအတွက်ပါ မြန်မာနိုင်ငံအစိုးရဘက်က ဆောင်ရွက်ပေးခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့ဘက်ကသွားရောက်နိုင်သည့် စခန်းများ တွင်လည်း COVID-19 နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခြင်း၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများဘက်ကလည်း အစိုးရနှင့်မည်သို့ပူးပေါင်းဆောင်ရွက် ပေးနိုင်မည်ကို လေ့လာဆန်းစစ်နေပါကြောင်း၊ အစိုးရဘက်ကသတင်းအချက် အလက်များ မျှဝေပေးမည် ဆိုပါကပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ဆောင်ရွက်ချက်များကို အခြား အဖွဲ့အစည်းများအား ပြန်လည်အသိပေး မည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် နေရာများသို့ ရောက်အောင်သွားနိုင်ရန် အရေးကြီးသကဲ့သို့ အဆိုပါနေရာများတွင် ကူးစက်ရောဂါ ဖြစ်ပွားပါက အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရန် လည်းလိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေညွှန်ကြားရေးမှူးက နေရပ်စွန့်ခွာသူ များ၏ စခန်းများတွင် COVID-19 ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို ကူညီထောက်ပံ့ပေးနိုင်ပါ ကြောင်းပြောကြားသည်။      
ယင်းနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ တာဝန်ရှိသူက Quarantine Facility လိုအပ်ချက်များကို ပံ့ပိုးနိုင်ကြောင်း၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က နေရပ်စွန့်ခွာသူများအတွင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ညွှန်းပို့ခြင်းလုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ် ထောက်ပံ့ကြေးပေးအပ်သည့် အစီအစဉ်နှင့် Shock Responsive Social Protection လုပ်ငန်းများကိုတိုးမြှင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူက COVID-19 နှင့်ပတ်သက်၍ နည်းပညာအကူအညီ များ ပံ့ပိုးပေးရန် ကိစ္စရပ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ ကိုယ်စားလှယ်က ဘေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင် ရေးလုပ်ငန်းများ၊ ကပ်ရောဂါဘေးကြောင့် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကိုဆန်းစစ် လေ့လာခြင်း၊ ဘေးလွန်ကာလလိုအပ်ချက် ဆန်းစစ်ခြင်းတို့ကိုဆောင်ရွက်ပေးလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် UNOCHA မှတာဝန်ရှိသူက COVID-19 နှင့်ပတ်သက်သည့် သတင်းအချက် အလက်များကို Website ပေါ်တွင် အချိန်နှင့်တစ်ပြေးညီဖော်ပြ ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က တိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် လိုအပ်သည့် အာဟာရဖြည့်ဆည်း ပေးခြင်းနှင့် ထောက်ပံ့မှုများကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ချမှတ်ထားသော လုပ်ငန်းစဉ် များအရ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို မတ်(၁၃)ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါကော်မတီ၏ အတည်ပြုချက်ဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုး၍ လုပ်ငန်းများဆောင်ရွက် လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မတ် (၁၈)ရက် တွင် ထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအနေဖြင့် ပြင်ပမှ COVID -19 ရောဂါပိုး ကူးစက်ဝင်ရောက် ပြန့်ပွားခြင်း မခံရစေရန် ကြိုတင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ COVID- 19 ရောဂါ ပြန့်ပွားခြင်းကို ကာကွယ်ရန်  ရောဂါကူးစက် ဖြစ်ပွားနေသော နိုင်ငံမှ ဝင်ရောက်လာသူထံတွင် လည်းကောင်း၊ နိုင်ငံအတွင်းရှိ သံသယလူနာထံတွင်လည်ကောင်း၊ ရောဂါကို ဓါတ်ခွဲအတည်ပြုစစ်ဆေး တွေ့ရှိရပါက အဆိုပါ ပုဂ္ဂိုလ်နှင့် အတူနေထိုင်သူများ၊ ထိတွေ့ဆက်ဆံခဲ့သူများကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များအတွင်း လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ဖြစ်ပွားနေသည့် အခြေအနေကိုလည်းကောင်း အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်ရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများတွင်  ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ရေး စီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် စခန်းနေသူ တစ်ဦးချင်း၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ ယခုရေးဆွဲထားသော ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူ (IDP) များတွင် COVID -19 ရောဂါတားဆီး ကာကွယ်ရေးစီမံချက် မူကြမ်းကို ယနေ့ဆွေးနွေးချက်များပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ စခန်းအလိုက် လိုအပ်ချက်များအရ လုပ်ငန်းစဉ်များ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန် ပြောကြာခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment