အာဏာသိမ်းခဲ့သောနေ့ကို ပြည်ထောင်စုပြိုကွဲသည့်နေ့ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
02-Mar-2020
ရန်ကုန် ၊ မတ် ၂
တပ်မတော်က အာဏာသိမ်းခဲ့သည့် မတ်လ ၂ ရက်နေ့ကို ပြည်ထောင်စုပြိုကွဲနေသည့်နေ့ဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPTT) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောဆိုလိုက်သည်။
အဆိုပါအကြောင်းအရာကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မတ်လ ၂ နေ့က စတင်ကျင်းပသော NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ၉ ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်က အာဏာသိမ်းခဲ့တာ ၅၈ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။အာဏာသိမ်းသူတွေက ပြည်ထောင်စုမပြိုကွဲအောင် ကယ်တင်တဲ့နေ့လို့ဆိုပေမယ့် မိမိတို့ တိုင်းရင်းသားတွေကတော့ ပြည်ထောင်စုပြိုကွဲတဲ့နေလို့ သတ်မှတ်ကြတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။
ပြည်ထောင်စုကို ပင်လုံကတိကဝတ် ၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံစာချုပ်တို့အပေါ် အခြေခံပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး လွတ်လပ်ရေးရရှိခဲ့ကာ ပြည်ထောင်စုပေါ်ထွက်လာခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် တပ်မတော်အာဏာသိမ်းလိုက်သည့်နေ့ကစ၍ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်သဖြင့် ပြည်ထောင်စုမရှိတော့ကြောင်း ၎င်းက ပြောကြားသည်။
တရားမျှမှု ၊ လွတ်လပ်မှု ၊ တန်းတူညီမျှမှုတို့ကို အခြေခံ၍ ပင်လုံကတိ ၊ ပင်လုံစိတ်ဓါတ် ၊ ပင်လုံစာချုပ်တို့နှင့်အညီ အမျိုးသားတန်းတူရေး ၊ ဒီမိုကရေစီရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံချက်အပြည့်အဝရှိသော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
လက်ရှိထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပနေသော ၉ ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးအတွက် ပြင်ဆင်မှုများ ၊ UPDJC နှင့် JMC အစည်းအဝေးဆိုင်ရာ ကိစ္စများ ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အခင်းအကျင်းများ ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။
MHS
http://thevoicemyanmar.com/news/39978-mhs
No comments:
Post a Comment