ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၄၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ အဆင့်မြင့်ကဏ္ဍသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် မတ် ၁
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၏ အဆင့်မြင့်ကဏ္ဍသို့ ပါဝင်တက်ရောက်ခဲ့ပြီး မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် လူ့အခွင့်အရေးကောင်စီ၏ အဆင့်မြင့် ကဏ္ဍအစည်းအဝေး၌ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင်၊ ဗီယင်နာကြေညာချက်နှင့် လုပ်ဆောင်ချက် အစီအစဉ်တွင် ဖော်ပြထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများနှင့် လူ့အခွင့်အရေးကောင်စီ တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို ပြန်ပြောင်းပြောဆိုရင်း ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းမှုများ နှင့် ပြည်တွင်းတရားရေး လုပ်ထုံးလုပ်နည်းများဖြင့် တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေးအပိုင်းတို့ တွင် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများအား အသိပေးပြောကြားခဲ့သည်။
အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Ms. OMI Asako နှင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် တွေ့ဆုံခဲ့ပြီး၊ ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး၊ နိုင်ငံတကာဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ် အရေးကိစ္စ ရေရှည်တည်တံ့ သည့်အဖြေရရှိရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ သည်။
ထို့နောက် ယင်းနေ့တွင်ပင် ပြည်ထောင်စု ဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ICRC အကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များနှင့် လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မြန်မာအဖွဲ့ရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များအားလည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံခဲ့သည်။
No comments:
Post a Comment