Tuesday, March 3, 2020

မင်းပြားမြို့နယ် ဖားပြိုကျေးရွာသား ၂ ဦးနှင့် နယန်းကျေးရွာသား ၂ ဦးကို တပ်မတော်က ဖမ်းဆီးထားဟုဆို

မင်းပြားမြို့နယ် ဖားပြိုကျေးရွာသား ၂ ဦးနှင့် နယန်းကျေးရွာသား ၂ ဦးကို တပ်မတော်က ဖမ်းဆီးထားဟုဆို
ရန်ကုန်၊ မတ် ၃
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာသား၂ ဦးနှင့် နယန်းကျေးရွားသား ၂ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဖားပြိုကျေးသားတချို့နှင့် နယန်းကျေးရွာသားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးသက်ရွှေ၊ အသက် ၂၉ နှစ်အရွယ် ဦးဝင်းရွှေတို့ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖားပြိုကျေးရွာမှ မင်းပြားမြို့ပေါ်သို့ စျေးဝယ်ထွက်ရန် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ပျောက်ဆုံးခဲ့ကြောင်း၊ မျက်မြင်သက်သေတစ်ဦးကမူ ရာမောင်တံတားအနီး တပ်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရှိရသည်။
မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကမူ ဖားပြိုကျေးရွာသား ၂ ဦး ပျောက်ဆုံးသည်ဟုသာ မိမိအနေဖြင့် သိရှိထားပြီး တပ်မတော်က ဖမ်းဆီးခြင်း ရှိ၊ မရှိ အတည်မပြုနိုင်ဟု ပြောဆိုသည်။
"ဖားပြိုကျေးရွာက ၂ ယောက်က ပျောက်နေတယ်။ ၁ ရက်နေ့ က ပဲ နံနက် ၁၁ နာရီလောက်က မင်းပြားကို စျေးဝယ်သွားရင်း ပျောက်တာ။ ဆိုင်ကယ်တစ်စီးနဲ့ သွားတာ။ ဒီနေ့ထက်ထိ မရောက်လာသေးဘူး ပျောက်နေတာပဲသိတယ်။ ဘယ်ကဖမ်းတာလဲဆိုတာလည်း သူတို့လည်း မသိဘူးပြောတယ်။ ဖမ်းသွားတာလား၊ ဘာဖြစ်သွားတယ်ဆိုတာကို မသိတာ။ ဦးသက်ရွှေ အသက် ၃၁ နှစ်၊ ဦးဝင်းရွှေ ၂၉ နှစ်ပါ ပျောက်နေတာက ။ ၃ ရက်ရှိပြီ။ ဘာမှလည်း မသိရသေးဘူး။ မင်းပြားကို စျေးဝယ်သွားတာက ပြန်မရောက်တာ။ ရာမောင်တံတားမှာတော့ တပ်က စခန်းဂိတ်ချထားတာရှိတယ်။ ဒီနေ့တော့ ရဲစခန်းကို လူပျောက်အမှုဖွင့်ဖို့ရှိတယ်။ ဥပဒေစိုးမိုးတာ မစိုးမိုးတာက တစ်ပိုင်းပေါ့။ ရှိနေတဲ့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ" ဟု ဦးလှသိန်းအောင်ကဆိုသည်။
အလားတူ မတ်လ ၂ ရက်နေ့ ညပိုင်းက မင်းပြားမြို့နယ်၊ နယန်းကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ဦးကျော်မြစိန် နှင့် အသက် ၂၀ အရွယ် မောင်ရန်အောင်ချေ တို့လည်း ဖမ်းဆီးခံရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။
"ဦးကျော်မြစိန်နဲ့ ရန်အောင်ချေကတော့ ဖမ်းသွားတာ ။ မနေ့ညနေက ရွာထဲဝင်ဖမ်းတာ။ မျက်မြင်သက်သေတွေလည်းရှိပါတယ်" ဟု နယန်းကျေးရွာသားတစ်ဦးက ဆိုသည်။
မင်းပြားမြို့နယ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကမူ ဖားပြိုကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာသားများ ပျောက်ဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ များပြားလာကြောင်း၊ အပြစ်မရှိပါက ပြန်လွှတ်ပေးရန် နှင့်အ ပြစ်ရှိပါကလည်း အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီသာ လုပ်ကြစေချင်သည်ဟု ပြောဆိုသည်။
"လူတွေက ပျောက်နေတယ်။ မင်းပြားမှာ ဖားပြိုကျေးရွာနားမှာ မိုင်းဆွဲခံရပြီးနောက် ကန့်ကော်ကုန်းရွာကလည်း တစ်ယောက်ပျောက်တယ်။ အထက်ငှက်ပျောတောကျေးရွာကလည်း တစ်ယောက်ပျောက်တယ်။ အဲဒီတော့ ဘယ်အဖွဲ့ရယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် သူတို့ တကယ်လို့များ အဲဒီအဖွဲ့အစည်းတွေမှာရှိရင် စစ်ဆေးပြီးလို့ရှိရင် အပြစ်မရှိရင် လွှတ်ပေးစေချင်တယ်။ အပြစ်ရှိရင်လည်း ဥပဒေနဲ့အညီ လုပ်စေချင်ပါတယ်" ဟု ဦးလှသိန်းအောင်က ပြောဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက မတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၇ မိနစ်တွင် အဆိုပါသတင်းများနှင့်ပတ်သက်၍ မေးမြန်းရန် ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/864500367320644/?type=3&__xts__%5B0%5D=68.ARCrq1ItIaF_sypydmbXZOLFVVrYBUUxMIq5irelBISJ5QthBLaq7v-CZ5lTBDdOkEtQCY3VbCjG7Q4EJeRAAYqNDhqcPTHkGF5MoxJyGofdRRoRcuLSRxWjj1-GsIwlZZPxSGFazo_RhZj1KOE4DX3x2gfQAJxe80lWzBjf6woBWuCy1BAqjQmUo-nlsb34Kz8qF76HYcBBOiRx9DPPPiyO5eaGKEBkbymLMEC149p-7NK3-x4HieWYD4nW1YOi-TG6Wsf93Eyy4e45sjlY5ur-eQrf3MLcNPeGHn---0ogsbGmkxcNdJMqHaaMBJhiV8p-ePpFhaDRPSldrda8qHU&__tn__=-R

No comments:

Post a Comment