Tuesday, March 3, 2020

ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးသိုလှောင်ထားသည့်နေရာများ ရှာဖွေတွေ့ရှိဟု တပ်မတော်ထုတ်ပြန်

ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးသိုလှောင်ထားသည့်နေရာများ ရှာဖွေတွေ့ရှိဟု တပ်မတော်ထုတ်ပြန်
03-Mar-2020


ရန်ကုန်၊ မတ် ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သိုလှောင်ထားသည့် နေရာများကို ဖေဖော်ဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့က ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်မြို့အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က ကောင်းခါးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ မသင်္ကာဖွယ်ရာ အဆောက်အအုံ ၂ လုံးအား ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးချက်ရာတွင် အသုံးပြုသည့် ဂက်စ်မီးဖို ၁၅၈ လုံး၊ ဓာတုဆေးရည် ၄၁၀ ဘူး၊ ၅ ဂါလန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ ပုံး၊ ဓာတုဆေးရည်အိတ် ၈၇ အိတ်၊ အက်စစ်များ ထည့်ထားသည့် ပီပါ ၁၅ လုံး၊ ဆေးပြားရိုက်စက်တစ်ခုနှင့် အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၉ နာရီခန့်က မူးယစ်ဆေးဝါးသတင်း ရရှိထားသည့် အဆောက်အအုံတစ်လုံးအတွင်း ဝင်ရောက်ရှာဖွေရာ တွဲယာဉ် ၅ စီးအပါအဝင် အက်စစ်ကော်ပီပါ  ၁၆၆ လုံး၊ အမှုန့်အိတ် ၃၃ လုံး၊ မီးသွေးအိတ် ၂၅ အိတ်၊ ဆေးပြား၊ ဘိန်းဆပ်ပြာခွက်များနှင့် အမှုန့်ကြိတ်စက်များပါ သိမ်းဆည်းရရှိခဲ့ပြီး ယင်းနေ့ နေ့လယ်နှင့် ညနေပိုင်းတွင် မြေကျင်းတူး၍ မြှုပ်နှံထားသည့် အက်စစ် ဂါလန် ၂၈၁ လုံး၊ စိတ်ကြွဆေးပြား ၈၂ အိတ်၊ ဘိန်းဆပ်ပြာခွက် ၃၃၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတန်ဖိုးမှာ ကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိပြီး မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

S-08

http://thevoicemyanmar.com/news/40000-kot

No comments:

Post a Comment