Friday, March 27, 2020

ယခုနှစ် တပ်မတော်နေ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပေးပို့သည့် သဝဏ်လွှာ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ကို ထည့်သွင်းဖော်ပြ

၇၅ နှစ်မြောက် တပ်မတော်နေ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာတွင် တပ်မတော်တည်ထောင်သူ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ကို ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်များက တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများ၌ ပြောကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းများအတွင်း ထိုသို့ထည့်သွင်းပြောကြားလေ့မရှိသကဲ့သို့ ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားတွင်လည်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတွင်လည်း ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာအတွင်း “ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မျိုးချစ်လူငယ်ရဲဘော်သုံးကျိပ်တို့က ခေတ်မီစစ်အတတ်ပညာများကို စွန့်လွှတ်စွန့်စားအပင်ပန်းအဆင်းရဲခံ သင်ယူကာ ပြည်သူများနှင့်အတူလက်တွဲ၍ ၁၉၄၅ ခုနှစ်၊ မတ် ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ဆင်နွှဲနိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိသည်အထိ ဆောင်ရွက်နိုင်ခဲ့သည် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ ဒီနှစ်ရဲ့ သဝဏ်လွှာထဲမှာတော့ တပ်မတော်ရဲ့ ရှိရင်းစွဲမူဝါဒတွေကိုပဲ ထည့်ထားတာများတယ်။ ထူးခြားတာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဆိုပြီး ညွှန်းထားတာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို တခမ်းတနားနဲ့ ပြန်ပြီးအသိအမှတ်ပြုတယ်ဆိုတဲ့သဘောပဲပေါ့ ” ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ထို့ပြင် အနာဂတ်တွင် ဒေသတွင်း၊ ကမ္ဘာ့နိုင်ငံတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ပြောကြားထားသည်။
“ တကယ်ရလာတာ မရလာတာကတော့ တစ်ကြောင်းပေါ့နော်။ ကြိုးပမ်းမှုကတော့ ရှိပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်လက်နက်ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်နဲ့ အရှိန်အဟုန်မြှင့်ပြီးလုပ်ခဲ့တယ်။ အရှေ့တောင်အာရှမှာ စစ်လက်နက်ထုတ်လုပ်သုံးစွဲနိုင်တဲ့ နေရာမှာ ထိပ်ဆုံးနေရာက ရှိနေတယ် ” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ထို့ပြင် နိုင်ငံတော်အတွက် တပ်မတော်ပြိုကွဲ၍မရကြောင်း၊ နိုင်ငံတော်ကို ဖြိုခွဲချင်သူများက အတိတ်၊ ပစ္စုပ္ပန်ကာလတို့တွင် တပ်မတော်ပြိုကွဲစေရန် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ်တွင်လည်း ကြိုးစားနေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေးသတိရှိ၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိနေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေသည်ဆိုခြင်းကို တပ်မတော်နေ့အခမ်းအနားများတွင်သာမက အခြားသော တပ်မတော်အခမ်းအနားကြီးများတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ မကြာခဏထည့်သွင်းပြောကြားလေ့ရှိသည်။
ပြီးခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင်လည်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် “ မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံ၊ လူမျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အတွက် ကာကွယ်ရေးစွမ်းအား(Defence Capability)တည်ဆောက်ခြင်း၊ ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း(Defence Modernization)တို့ကိုဖော်ဆောင်ပြီး သမားရိုးကျစစ်ပွဲများကို ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော်(Standard Army)အဖြစ် တည်ဆောက်လျက်ရှိပါကြောင်း ” ထည့်သွင်းပြောကြားခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်က ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ စစ်ရေးပြအခမ်းအနားမိန့်ခွန်းအတွင်း “ မိမိတို့ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့အရောက် အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း ” လည်း ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ယင်းအခမ်းအနားအား ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်ပြုလုပ်ခဲ့သည်။ ယခုနှစ် တပ်မတော်နေ့ စိန်ရတုအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် ၁၉)ကြောင့် ယာယီရပ်ဆိုင်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ် ၁ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့ပြီး နောက်ပိုင်း ယင်းရောဂါအခြေအနေပိုမိုဆိုးရွားလာခဲ့ခြင်းကြောင့် ယခုနှစ်တပ်မတော်နေ့အခမ်းအနားကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိပေ။

No comments:

Post a Comment