Friday, March 27, 2020

AA က ဖမ်းဆီးထားသော ဒဏ်ရာရ တပ်မတော်သား တချို့၏ ဗီဒီယို ထုတ်လွှင့်၊ ခမရ ၇ မှ တပ်သားသက်ဦးက စစ်ပွဲများ ရပ်ပြီး ငြိမ်းချမ်းရေးတောင်းဆို၊ တပ်မတော်ဘက်မှ အတည်ပြုချက်နှင့် မှတ်ချက် မရရှိ

AA က ဖမ်းဆီးထားသော ဒဏ်ရာရ တပ်မတော်သား တချို့၏ ဗီဒီယို ထုတ်လွှင့်၊ ခမရ ၇ မှ တပ်သားသက်ဦးက စစ်ပွဲများ ရပ်ပြီး ငြိမ်းချမ်းရေးတောင်းဆို၊ တပ်မတော်ဘက်မှ အတည်ပြုချက်နှင့် မှတ်ချက် မရရှိ
ရန်ကုန်၊ မတ် ၂၇
ရခိုင်တပ်တော် AA က ဖမ်းဆီးထားသော ဒဏ်ရာရ တပ်မတော်သား တချို့ ၏ ခံစားချက် ဗီဒီယို အပိုင်း ၁ ဆိုသော ရုပ်သံကို ယနေ့ ထုတ်လွှင့်ပြသပြီး ယင်းဗီဒီယိုတွင် ခမရ ၇ မှ တပ်သား သက်ဦးဆိုသူက စစ်ပွဲများ ရပ်ပြီး ငြိမ်းချမ်းရေးတောင်းဆိုကြောင်း ပြောဆိုထားသည်။
အမှတ် ၇၇ တပ်မဌာနချုပ် ကွပ်ကဲမှုအောက် ခမရ ၇ (ဝမ်းဘဲအင်း) တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် တ/ ၅၃၇၉၂၀ တပ်သားသက်ဦးက ဖမ်းဆီးခံရသည့် အခြေအနေများကို ရှင်းလင်းပြောဆိုသွားပြီး စစ်ပွဲများ ရပ်တန့်ပြီး ငြိမ်းချမ်းရေးလိုချင်ကြောင်း ပြောဆိုသွားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ခမရ ၇ မှ တပ်သား သက်ဦးဆိုသူ အမှန်တကယ် ရှိ၊ မရှိ စုံစမ်းမေးမြန်းရန် တပ်မတော်ဘက်သို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
အဆိုပါ ဗီဒီယိုဖိုင်တွင် တပ်သား သက်ဦးက "၄ ရက်နေ့ ညနေ လေယာဉ်ပေါ်က ဆင်းဆင်းချင်း နာရီဝက် တစ်နာရီလောက် တိုက်ပွဲစဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ကျွန်တော်တို့ ကုန်းပေါ်ကို တက်သွားခဲ့ပါတယ်။ ကုန်းပေါ်တက်သွားပြီးတော့ဒဏ်ရာရတဲ့သူလည်း ရတယ်။ သေဆုံးတဲ့သူလည်း သေဆုံးပါတယ်။ ကျွန်တော် ၄ ရက်နေ့ နေ့လယ် ည ၇ နာရီလောက်မှာ ကျွန်တော်ဒဏ်ရာရရှိခဲ့ပါတယ်။ လည်ပင်းဒဏ်ရာရရှိခဲ့ပါတယ်။ ၅ ရက်နေ့ မနက်မှာ အဲဒီကုန်းကနေ ပြန်လည်ဆုတ်ခဲ့ပါတယ်။ ဆုတ်ခဲ့ပြီးတော့ ကျွန်တော်တို့ စစ်ကြောင်း ၁ အဖွဲ့နဲ့ သွားပေါင်းခဲ့ပါတယ်။ သွားပေါင်းခဲ့ပြီးတော့ လမ်းမှာ ကုန်းမှားပြီးတော့ တက်ခဲ့ပါတယ်။ ကုန်းမှားပြီးတော့ ပွိုင့် ၅ တင်ထားတဲ့ကုန်းပေါ် မှားတက်ပြီးတော့ ကျွန်တော်တို့တွေ လူနာတွေကော စစ်သည်တွေရော အလူးအလဲပဲ ပြန်ပြုတ်ကျ လန်ကျခဲ့ပါတယ်။ လန်ကျခဲ့ပြီးတော့ ကျွန်တော်တို့ စစ်ကြောင်း ၁ အဖွဲ့နဲပ ပြန်သွားပေါင်းခဲ့ပါတယ်။ သွားပေါင်းမိပါတယ်။ သွားပေါင်းမိတော့ ကျနော်တို့ အပေါ်မှာ နေပါတယ်ဗျ။ နေပြီးတော့ ကျွန်တော်တို့အပေါ်မှာ သိပ်မကြာဘူးဗျ။ တိုက်ပွဲထပ်ဖြစ်တယ်။ သေတဲ့လူလည်းေသေတယ်။ တော်တော်များများသေပါတယ်။ ဒဏ်ရာရတဲလူကရပါတယ်။ ဒဏ်ရာရတဲ့လူလည်း တော်တော်များများကို ဒဏ်ရာရတာပါ။ ဒဏ်ရာရရှိပြီးတော့ ဆေးမကုနိုင်တဲ့သူတော်တော်များများရှိပါတယ်။ ပြီးတော့ကျွန်တော်တို့ အဲ့ကနေ အစာရေစာလည်း မစားရပါဘူး။ အဲဒီကနေစပြီးတော့ အဲနေ့ကစတာပါ" ဟု ပြောဆိုသည်။
၎င်းးက ဆက်လက်ပြီး " ပြောမယ်ဆိုရင် ၅ ရက်၊ ၆ ရက်လောက်ကစတာပေါ့။ ၅ ရက် ၆ ရက်လောက်စပြီးတော့ ကျွန်တော်တို့ ထမင်းမစားရဘူး။ ရေမသောက်ရဘူး။ ရေဆိုလို့ရှိရင် ကျွန်တော်တို့ ရေသန့်ဘူးအဖုံးလေးနဲ့ တစ်ဖုံးလောက်ပဲ အာဆွတ်ရုံလောက်ပဲသောက်ရပါတယ်။ သောက်ရပြီးတော့ ကျွန်တော်တို့ နေထိုင်ရပါတယ်။ နောက်ဆုံးကျတော့ ကျနော်တို့ မခံနိုင်တော့ဘူး။ မခံနိုင်တော့တဲ့အတွက် ကျွတ်တော်တို့တွေဟို ၁၀ ရက်နေ့ည ၁၁ နာရီခွဲတိတိမှာ ကျွန်တော်တို့ ပြန်ဆုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြန်ဆုတ်မယ်ဆိုတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံး ဆင်းတယ်။ ဆင်းတော့ ဒဏ်ရာရတယ်ဗျ။ ဒဏ်ရာရပြီးတော့ ကျွန်တော်ဆိုလို့ရှိရင် အဲဒီမှာ ဒဏ်ရာရသွားပါတယ်။ ည ၁၁ နာရီခွဲလောက်မှာ ဒဏ်ရာရတယ်။ ဒဏ်ရာရပြီးတော့ ခြေထောက်အရိုးကြေသွားတယ်ပေါ့။ ခြေထောက်အရိုးက လုံးဝမရအောင် ကြေသွားတယ်။ ကြေသွားပြီးတော့ အဲ့မှာ ကျွန်တော့်ကိုဆိုရင် ဆွဲဆွဲလို့လည်း ဆွဲမယ့်သူလည်းမရှိပါဘူး။ ဘယ်သူမှ ဆွဲမယ့်သူမရှိဘူး။ ကျွန်တော် တစ်ယောက်တည်းမဟုတ်ပါဘူး။ စစ်သည်တော်တော်များများပဲ ဒဏ်ရာရရပြီးတော့ အဲလိုထားခဲ့တာမျိုးလည်းရှိတယ်။ ကိုယ့်အသက်ကို လုပြီးတော့ ထွက်ပြေးရတဲ့သူလည်းရှိတယ်။ အစာရေစာ ငတ်ပြတ်ပြီး အဲဒီလိုမျိုးရေသောက်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ပဲ ရေချောင်းဘက်ကို ဆင်းပြေးတဲ့သူတွေလည်းအများကြီးဗျ။ တော်တော်များများ ဆင်းပြေးကြတယ်။ ဆင်းပြေးပြီးတော့ ကျွန်တော်တို့မှာ ကျွန်တော်တို့ကို ကယ်မယ့်သူလည်းမရှိ၊ ဘယ်သူလာကယ်လို့ ကယ်မှန်းလည်းမသိ။ ကျွန်တော်အော်ခေါ်တယ်ဗျ။ ကျွန်တော့်ကို ကယ်ကြပါလို့ပေါ့နော်။ ကျွင်္န်တော့်ကို ကယ်ပါ ကျွန်တော်ဒဏ်ရာရထားပါတယ်။ လက်နက်လည်းပါတယ်ပေါ့နော်။ ကျွန်တော် လက်နက်အပ်ပါမယ်ဆိုပြီးတော့ ကျွန်တော်အော်ခေါ်တယ်ဗျ။ အော်ခေါ်ပြီးတော့ ရခိုင်တပ်တော် AA က ကျွန်တော်တို့ကို ဖေးမပါတယ်။ ကျွန်တော်တို့ကို ချက်ချင်းလာခေါ်တယ်ဗျ။ လာခေါ်ပြီးတော့ အောက်ရောက်တာနဲ့ ကျွန်တော်တို့ကို ရေတိုက်တယ်။ ပြီးတော့ အဝေးကြီးပဲဗျ။ တော်တော်ဝေးဝေးပါ. အဲဒီကို ထမ်းတယ် ။ရောက်တာနဲ့ ကျနော့်ကို ထမ်းတယ်။ အဝေးကြီးပဲဗျ။ ရောက်တာနဲ့ ပြည်သူလူထုနဲ့ တန်းတူ သူတို့လူတွေနဲ့ သူတို့စစ်သည် သူတို့အဖွဲ့သားတွေနဲ့ အတူတူပဲ ကျွန်တော်တို့ ဆေးကုသ ခံယူပေးတယ်။ ဆေးတွေကုပေးတယ်။ ထမင်းတွေကျွေးတယ်။ ရေတွေတိုက်တယ်။ ပြီးရင် ဆေးတွေသွင်းပေးတယ်။ နည်းတာမဟုတ်ဘူးဗျ။ ဆေးတွေ တော်တော်များများ သွင်းပေးတယ်။ သွင်းပေးပြီးတော့ ကျွန်တော့်ကို ပြုစုယုယပါတယ်ခင်ဗျ။ အဲဒါနဲ့ ကျွန်တော်တို့ အဖွဲ့တွေ တော်တော်များများ ဖမ်းမိကြတယ်ပေါ့။ ဖမ်းမိတယ်လို့လည်းပြောလို့ရတယ်" ၎င်းက ရှင်းပြသည်၊
တပ်သားသက်ဦးက ၎င်းသည် တိုက်ပွဲတွင် ရရှိသော ဒဏ်ရာကြောင်း ဒုက္ခတိဖြစ်သွား၍ ငြိမ်းချမ်းရေး လိုချင်ကြောင်း ပြောဆိုသည်။
"ကျွန်တော်ဆိုလို့ရှိရင်လည်း ဒီစစ်ပွဲတွေကြောင့် အခုဆိုရင် ဒုက္ခတိဖြစ်သွားပြီ။ ခြေထောက်တစ်ဖက်မရှိတော့ပါဘူး။ ကျွန်တော့မှာ ။ ကျွန်တော်လို တော်တော်များများလည်း ကျွန်တော်လိုခံစားရပါတယ်။ တချို့လူတွေ တချို့ပြည်သူတွေလည်း ခြေထောက်မရှိတာ။ ခြေထောက် ပြတ်သွားတာတို့ လက်ပြတ်သွားတာတို့ အများကြီးပါပဲဗျ။ အဲလိုမျိုးတွေရှိပါတယ်။အဲကြောင့်မို့လို့ စစ်ပွဲတွေ ကျွန်တော်ရပ်စေချင်ပါတယ်။ ကျွန်တော်လို တော်တော်များများလည်း အဲ့လို စစ်ပွဲတွေ ရပ်စေချင်မှာပါ။ အဲကြောင့်မို့လို့ အပေါ်လူတွေပေါ့နော် ညှိုညှိုနှိုင်းနှိုင်းလုပ်ပေးကြပါ။ ကျွန်တော်တို့က ကြားထဲက မေတ္တာရပ်ခံတာပါ။ ဟိုစစ်ပွဲတွေ ရပ်ပေးကြပါပေါ့နော်။ ငြိမ်းပေးကြပါလို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်ဗျ" ဟု ၎င်းက ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်သား သက်ဦး၏ ပြောကြားချက်မျာ်းနှင့်ပတ်သက်ပြီး မေးမြန်းရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။



No comments:

Post a Comment